သုံးရလွယ်ကူစေသည့် Link များ

တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်ရဲ့ သံအမတ်ခန့်အပ်လွှာကို ပြန်ပြီးတော့ ရုပ်သိမ်းသင့်တဲ့ အကြောင်း တောင်အာဖရိကအတိုက်အခံ အမတ်ဖြစ်သူ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး Kenneth Mubu က နိုဝင်ဘာလ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သံအမတ်ကြီး ဦးမြင့်နောင်ဟာ ဗိုလ်မှူးချုပ်မြင့်နောင်အဖြစ်နဲ့ စစ်အစိုးရ လက်ထက် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူမို့လို့ တောင်အာဖရိကနိုင်ငံက သံအမတ်အဖြစ်နဲ့ လက်ခံခဲ့မှုကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်မှာ တင်သွင်းမှာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံ၊ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က လွှတ်တော်အမတ် ကဲနက် မူဘူးက နိုဝင်ဘာလ ၆ ရက်နေ့၊ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်နောင်ရဲ့ သမ္မတ ဂျဲကော့ ဇူးမား (Jacob Zuma) က ပြန်ပြီး ရုပ်သိမ်းဖို့အတွက် တောင်းဆိုခဲ့တာပါ။ ၁၉၅၅ ခုနှစ်မှာ တောင်အာဖရိကနဲ့ မြန်မာ နှစ်နိုင်ငံ သံတမန်ရေး စတင်ခဲ့တာ ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ မြန်မာသံရုံးကို စတင်ဖွင့်လှစ်ခဲ့တာပါ။

ဦးမြင့်နောင်ရဲ့ သံအမတ်ခန့်အပ်လွှာကိုတော့ ဒီနှစ် ဂျူလိုင်လထဲမှာ သမ္မတဇူးမားက လက်ခံခဲ့တာ ဖြစ်ပါတယ်။ သံအမတ် ဦးမြင့်နောင်ဟာ ၂၀၀၇ ခုနှစ်၊ မြန်မာစစ်အစိုးရရဲ့ ကရင်ပြည်နယ် စစ်ဆင်ရေး အတွင်း ဒေသခံတွေ အိုးအိမ်ထွက်ပြေး စွန့်ခွာစေတဲ့အမှုတွေမှာ တာဝန်ရှိသူတဦးဖြစ်တယ်လို့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့သလို ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်တွေကို ဖမ်းဆီးချိုးနှိမ်မှုနဲ့ ၂၀၀၈ နဲ့ ၂၀၁၀ အတွင်း တိုင်းရင်းသားတွေကို ထိုးစစ်ဆင်ရာမှာ တာဝန်ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေကြောင့် ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုကြတာလို့ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးလှုပ်ရှားတဲ့ ဘားမား-ကမ်ပိန်း (Burma Campagin) အဖွဲ့တာဝန်ခံ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

“ဗိုလ်မှူးချုပ် မြင့်နောင်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ချိုးဖောက်တဲ့ ကိစ္စတွေ၊ သံဃာတော်တွေကို ပစ်ခတ်နှိမ်နင်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်မှာ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းတဲ့ ကိစ္စတွေ ဒါတွေကိုလုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်တယောက်က ဒီမှာ အရပ်သားသံအမတ်ဖြစ်နေတာကို ဒါ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် ဒါတွေကို လက်မခံပဲနဲ့ ပြန်ပြီးတော့ ပို့ဖို့ ဆိုပြီးတော့ ဒီမှာရှိတဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေက တောင်းဆိုတာပါ။

ဗီယင်နာ ကွန်ဗဲန်းရှင်းမှာလည်း ဒီလိုပဲ ပါထားတဲ့အတွက်ကြောင့် ဒါတွေကို တလေးတစား လိုက်နာပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေကို ကျူးလွန်ခဲ့တဲ့ လူတွေကို သံအမတ် အဖြစ် မထားသင့်ဖူးဆိုပြီး ပြန်ပို့ဖို့အတွက် ဒါ အများက တောင်းဆို တာပါပဲ”

မြန်မာနိုင်ငံ့အရေးကို ၂၀၀၇ခုနှစ် ရွှေဝါရောင်သံင်္ဃာ့အရေးအခင်း နောက်ပိုင်း ကုလသမဂ္ဂမှာ တင်သွင်းခဲ့ချိန်က တောင်အာဖရိကနိုင်ငံက ကန့်ကွက်မှုရှိခဲ့ပေမယ့် အခု လက်ရှိသမ္မတဇူးမား လက်ထက်မှာတော့ ပုံစံတမျိုး တွေ့နေရတယ်လို့ ဆိုပါတယ်။

“ သမ္မတ ဂျက်ကော့ဇူးမားက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေး ကိစ္စမှာ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂမှာ မြန်မာ ကိစ္စကို တောင်အာဖရိက ကကန့်ကွက်တဲ့ နေရာမှာ အရင်သမ္မတ ဘက်ကီလက်ထက်က လုပ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိစ္စကို ထောက်ခံလာတာလေးတွေ ကျနော်တို့ တွေ့ရတယ်။

Saffaron revolution သံင်္ဃာတော်တွေရဲ့ ဆန္ဒပြပွဲတုန်းကလည်း မြန်မာသံအမတ်ကို တောင်အာဖရိက ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ဆင့်ခေါ်ပြီးတော့ ဒီလိုကိစ္စတွေကို ဆက်ပြီးမလုပ်ဖို့ ရာဇသံပေးတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်က တွေ့ပြီးတော့ မြန်မာဒီမိုကရေစီ ကိစ္စကို စိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်းတွေ ပြောတယ်ဆိုတော့ တရုတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နဲနဲလေး လက်ရှောင်တာတွေ ကျနော်တို့ တွေ့ရတယ်။ လှေနံ ၂ ဖက် နင်းနေသလိုပဲ။ တပိုင်းကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ မြန်မာနိုင်ငံ ကိစ္စတွေကို အတိုင်းအတာ တခုလောက်တော့ ပါဝင်ပတ်သက်တာတွေ ရှိတယ်”

သံအမတ်ကြီး ဦးမြင့်နောင်ကို တောင်အာဖရိက နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် လက်ခံခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ဇူးမားရော နိုင်ငံတကာ ဆက်ဆန်ရေး ၀န်ကြီး Maite Nkoana-Mashabane ပါ မကြာခင် လွှတ်တော်မှာ တာဝန်ယူ ဖြေရှင်းရမယ်လို့လည်း ပြောပါတယ်။

“လွှတ်တော်မှာတော့ ဒါ သူတို့ တာဝန်ခံပြီးတော့ ဖြေတော့ ဖြေရပါလိမ့်မယ်။ မကြာခင် ဒီ တပတ် ၂ ပတ် အတွင်းမှာ လွှတ်တော်မှာ မေးမယ်လို့တော့ ကျနော်တို့ သိရပါတယ်ခင်ဗျ။ တကယ်ပြန်ပြီးတော့ ပို့မယ် မပို့ဘူးကတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ပါ ကျနော်တို့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်”

တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့တာဝန်ခံ ဒေါက်တာသိန်းဝင်း ကပြောသွားတာပါ။

XS
SM
MD
LG