Italy နိုင်ငံမှာ နိုင်ငံရဲ့စီးပွားရေး တည်ငြိမ်စေဖို့ရည်ရွယ်ပြီး အရေးကြီးလှတဲ့ စီးပွားရေးပြုပြင် ပြောင်းလဲရေး ဥပဒေတွေကို လွှတ်တော်က အတည်ပြုပေးပြီးတဲ့နောက်မှာ Italy ဝန်ကြီးချုပ် Silvio Berlusconi ဟာ ရာထူးက နုတ်ထွက်တော့မယ်လို့ ပြောသွားပါတယ်။
အင်္ဂါနေ့က အရေးသိပ်ကြီးတဲ့ ဘတ်ဂျက်နဲ့ဆိုင်တဲ့ မဲခွဲဆုံးဖြတ်မှု လွှတ်တော်မှာ Mr. Berlusconi က အနိုင်ရပြီးသွားပြီး သူ့ရဲ့ အစိုးရအဖွဲ့ အားနည်းလာတာနဲ့ ပတ်သတ်ပြီး ဥပဒေပြုအမတ်တွေဆီက ထောက်ခံမှု ဆုံးရှုံးခဲ့ရပြီးတဲ့ နောက်မှာ မစ္စတာ ဘာလက်စ်ကိုနီက သူ ရာထူးက နုတ်ထွက်မယ့် အကြောင်းကို ကြေညာသွားတာပါ။
အမတ် ၃၀၈ ဦးဟာ ဘတ်ဂျက်နဲ့ဆိုင်တဲ့ မဲခွဲဆုံးဖြတ်မှုမှာ ထောင်ခံမဲ ထည့်ခဲ့ပေမယ့် ကျန်တဲ့ အမတ် ၃၂၁ ဦးကတော့ မဲမထည့်ဘဲ နေခဲ့ပါတယ်။ ဆန့်ကျင်သူတော့ မရှိပါဘူး။ ဒါ့ကြောင့် Mr. Berlusconi ဟာ သူ့ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေကို လွှတ်တော်မှာ အများစုဆီက ထောက်ခံမှုရှိဖို့ လိုအပ်တဲ့ မဲ ၃၁၆ မဲ မရရှိခဲ့ပါဘူး။
Italy ဟာ ဥရောပဇုံမှာ တတိယ အကြီးဆုံးစီးပွားရေးရှိထားပြီး ကမ္ဘာမှာ စီးပွားရေးအရ နံပါတ် (၇) အဆင့်မှာ ရှိပါတယ်။ ဒါပေမယ့် အများပြည်သူရဲ့ ကြွေးမြီတွေ ဖောင်းပွလာတဲ့အတွက်ကြောင့် စီးပွားရေးဆုတ်ယုတ်မှုနဲ့ ကြုံရနိုင်တဲ့ အခြေအနေရှိပါတယ်။
အခုမဲခွဲ ဆုံးဖြတ်မှုဟာ သူ့ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ဘယ်လောက်ယုံကြည်ကြလဲဆိုတာ စမ်းသပ်ခဲ့တာလို့ မြင်ကြပါတယ်။ လွှတ်တော်မှာ တဝက်ကျော်က မဲထည့်ဖို့ ငြင်းဆန်ပြီးတဲ့ နောက်မှာတော့ ၀န်ကြီးချုပ် Silvio Berlusconi ရာထူးက နုတ်ထွက်ပေးဖို့ အတိုက်အခံတွေက ချက်ချင်းပဲ တောင်းဆိုခဲ့ပါတယ်။