အမေရိကန်သမ္မတ ဘားရက်အိုဘားမား အာရှကိုခရီးထွက်ဖို့ ရှိနေပါတယ်။ ဒါဟာ အမေရိကန် ကုန်ပစ္စည်းတွေ အတွက် ဈေးကွက်တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ကုန်သွယ်ရေး မြှင့်တင်ဖို့နဲ့ အမေရိကန်ရဲ့ အလုပ်အကိုင်တွေကို ဖန်တီးဖို့ အခွင့်အရေးတရပ်ပဲလို့ အိမ်ဖြူတော်က ပြောပါတယ်။
မနက်ဖြန် သောကြာနေ့မှာ သမ္မတအိုဘားမားရဲ့အာရှခရီးစဉ်ကို စတင်ပါလိမ့်မယ်။ ဟာဝိုင်ယီကျွန်းမှာ APEC လို့ခေါ်တဲ့ အာရ၊ှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးညီလာခံကို သမ္မတ အိုဘားမားက ကမကထလုပ်ပြီး ကျင်းပမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ အာရှ၊ ပစိဖိတ်ဒေသနိုင်ငံတွေ တိုက်ရိုက် ချိတ်ဆက်ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ သမ္မတအိုဘားမားက ကြိုးပမ်းမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က အရာရှိ Daniel Russell ကပြောပါတယ်။
၂၁ နိုင်ငံပါဝင်တဲ့ APEC နိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ လုပ်ခြင်းအားဖြင့် အမေရိကန်အတွက် အလုပ်အကိုင် သန်းနဲ့ချီပြီး အထောက်အကူဖြစ်သလို စီးပွားရေး တိုးတက်လာဖို့အတွက်လည်း အမေရိကန် ထုတ်ကုန်တွေကို တင်ပို့နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုတွေတိုးလာနေပြီး ဒီမိုကရေစီရေးတွေလည်း တိုးမြှင့်လာနေတဲ့ အာရှဒေသမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ သမ္မတ အိုဘားမားက ဆုံးဖြတ်ထားတယ်လို့လည်း အိမ်ဖြူတော် အရာရှိက ပြောပါတယ်။ သမ္မတ အိုဘားမားဟာ တရုတ်သမ္မတ ဟူဂျင်းတောင်၊ ရုရှားသမ္မတ ဒီမီထရီ၊ မယ်ဗီယဲဒဲဖ်နဲ့ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒတို့နဲ့ပါ APEC ည်ီလာခံမှာ သီးခြား တွေ့ဆုံပြောဆိုမှုတွေ လုပ်ပါလိမ့်မယ်။
သမ္မတအိုဘားမားဟာ သြစတေးလျှနိုင်ငံကိုလည်းခရီး ဆက်မှာဖြစ်ပြီး အဲဒီမှာ တခြား အာရှ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြောဆိုပါလိမ့်မယ်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့လည်း အင်ဒိုနီးရှားနိုင်ငံမှာ နောက်တပတ်ထဲကျရင်ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီ ထိပ်သီးညီလာခံမှာ ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သမ္မတအိုဘားမားကတွေ့ဆုံ ပြောဆိုမှုတွေ လုပ်သွားဖို့ ရှိပါတယ်။