သုံးရလွယ်ကူစေသည့် Link များ

အီရန်နျူကလီယားကိစ္စ အရေးယူမယ်လို့ အနောက်နိုင်ငံတွေ သတိပေး


အီရန်နျူကလီယားကိစ္စ အရေးယူမယ်လို့ အနောက်နိုင်ငံတွေ သတိပေး

အီရန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ နျူကလီယားဆိုင်ရာ ကျွမ်းကျင်သူတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေမယ်ဆိုရင် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ကြုံတွေ့နိုင်ခြေ ရှိတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်ဟာ နျူကလီယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တွေ့ရသလို အီရန်ကို အနောက်နိုင်ငံတွေက ပိုမိုတင်းကြပ်တဲ့ အရေးယူမှုတွေလုပ်ဖို့မှ တပါး ရွေးချယ်စရာလမ်း သိပ်များများစားစား မရှိဘူးလို့လည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က အင်္ဂါနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အီရန်ရဲ့ နျူကလီယားလုပ်ငန်းစဉ်တွေထဲမှာ တချို့ဟာ အရပ်ဘက်အတွက် သုံးဖို့ ဖြစ်နိုင်ပေမယ့် တခြား လုပ်ငန်းစဉ်အားလုံးဟာ နျူကလီယား လက်နက်ထုတ်လုပ်မှုနဲ့ ဆက်နွယ်နေတာမို့ အထူး စိုးရိမ်ဖွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်ကတော့ သူ့ရဲ့ နျူကလီယား လုပ်ငန်းစဉ်တွေဟာ စစ်ရေးအတွက် ဦးတည်လုပ်ဆောင်မှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်ကတော့ အီရန် လုပ်ဆောင်နေတဲ့ နျူကလီယား လုပ်ဆောင်နေမှုတွေကို လုံးဝ ဖျက်သိမ်းပစ်မှာ မဟုတ်ဖူးလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သလို IAEA ရဲ့ အစီရင်ခံစာဟာ အခြေအမြစ်မရှိတဲ့ လိမ်ညာမှု သက်သက်လို့ ပြောဆိုပါတယ်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟူးကတော့ အီရန်ရဲ့နျူကလီယား လက်နက် လုပ်ဆောင်နေမှုတွေဟာ အရှေ့အလယ်ပိုင်းဒေသ တခုလုံးသာမက တကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိနေတာမို့ နိုင်ငံတကာ အသိုင်းအ၀န်းက ဒါကို ရပ်သွားအောင်လုပ်ဖို့ ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

အနောက်အင်အားကြီးနိုင်ငံတွေက အီရန်နိုင်ငံ နျူကလီယား လက်နက်ပိုင်ဆိုင်မှုကို ကာကွယ်တားဆီး ချင်နေပေမယ့် အီရန်ကတော့ သူ့လုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေး အတွက် သက်သက်လို့ ပြောဆိုနေတာပါ။ အီရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်မှု ၄ ခု ချထား ပြီပြီမို့ အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ရုရှား ၂ နိုင်ငံကတော့ အီရန်အတွက် ထပ်ပြီး အရေးယူဖို့ မလိုလားကြပါဘူး။

XS
SM
MD
LG