သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်


NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်
NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး မတင်ရေး ကိစ္စကို နိုင်ငံတဝှန်းက ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မချခင် တချို့ပြည်နယ်နဲ့တိုင်းတွေမှာ ဆွေးနွေးနေကြတဲ့အထဲ မတူကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ အများစုကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ သဘောတူကြပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့နေရာမှာ မတူတဲ့ အမြင်တချို့ ရှိနေတာပါ။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးအပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တနိုင်ငံလုံးက NLD ဗဟိုဦးစီးတွေနဲ့ ထပ်မံတွေ့ဆုံပြီး ဆုံးဖြတ်ချက်ချဖို့ NLD က စီစဉ်ထားတာပါ။ ဒါ့ကြောင့်မို့ ၁၈ ရက်မတိုင်ခင် တချို့ပြည်နယ်တိုင်းတွေမှာ NLD အဖွဲ့ဝင်တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေးတိုင်ပင် နေတာတွေရှိနေပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက NLD ပါတီဝင်တွေကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့မှာ သဘောတူကြတာများပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့မှာတော့ မတူတဲ့အမြင်တွေ ရှိတာမျိုး သိရတယ်လို့ မိတ္ထီလာခရိုင်က NLD ဗဟိုဦးစီးတယောာက်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“မေးကြည့်တဲ့အခါမှာ တချို့ကလည်း မတင်ချင်ဘူးပေါ့။ တချို့ကလည်းတင်ချင်တယ်ပေါ့။ ပါတီမှတ်ပုံတင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တော်တော်များများက သဘောတူပါတယ်။ ရွေးကောက်ပွဲဝင်ရေးကိစ္စကတော့ တကဏ္ဍတဖြစ်နေတယ်လေ။ တချို့ကျတော့လည်း ရတဲ့အခွင့်အရေးကို ရတဲ့နေရာမှာ ရတဲ့ပုံစံနဲ့ လုပ်ရတဲ့အခါမှာ NLD က ရသလောက် ဝင်ယူကြမယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ လိုရင်းကတော့ တင်ရေးနဲ့ ဝင်ရေးပေါ့။ မှတ်ပုံလည်းတင်၊ ဝင်စရာရှိတာလည်း ဝင်လိုက်တော့။ ဝင်လိုက်တော့ဆိုတာက ကျနော်တို့ကြားထဲမှာ လုပ်ရမယ့်အလုပ်တွေက အများကြီးရှိသေးတယ်။ အတိုင်းအတာတခုအထိ ပါတီထဲမှာ တစိတ်တပိုင်းဝင်ထားခြင်းအားဖြင့် အကျိုးရှိမယ်လို့မြင်တယ်”

တခါ ကရင်ပြည်နယ်က NLD ပါတီဝင်တွေဟာ ဆိုရင်လည်း ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်သူမရှိ လက်ခံပေမယ့် ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့မှာတော့ တချို့က သဘောမတူတာရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီမိုကရေစီနည်းအရ အများဆန္ဒအတိုင်း လိုက်နာဆောင်ရွက်မှာ ဖြစ်သလို တိုင်းရင်းသားအရေး အားလုံး ပြေလည်ဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုမျိူးမဆို လိုက်နာဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် NLD ပါတီက ခေါင်းဆောင် တဦးဖြစ်တဲ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“အဲဒီအပေါ်မှာတော့ နည်းနည်းကွဲပြားမှုရှိတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း ရန်ကုန်ကျမှပဲ ပြန်ပြီးတော့စုစည်းပြီးတော့ ပြန်ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ တချို့ကလည်း မဝင်ချင်ဘူး။ သူတို့တဦးထဲဆန္ဒပေါ့နော်။ မဝင်ချင်ဘူးဆိုပေမယ့် အများဆန္ဒ အတိုင်းပါပဲ။ အများဆန္ဒက ဝင်မယ့်ဘက်ကဖြစ်တယ်ဆိုလို့ရှိရင် အန်တီတို့ကလည်း ကျေကျေနပ်နပ်ပဲလက်ခံမှာပါ။ လောလောဆယ် ဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့စစ်ပွဲတွေကလေ တိုင်းရင်းသားတွေရော၊ ဒေသခံ ရှိတဲ့လူတွေ၊ မြို့ပေါ်မှာရှိတဲ့လူတွေက ဒီလောက် မသိသာပေမယ့် နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက အင်မတန်ဒုက္ခရောက်ပါတယ်။ အဲဒီလို အန်တီတို့ ဒီဘက်မှာ တင်းနေလို့ရှိရင် အဲဒီလို ရေရှည်ကြီးဖြစ်နေလိမ့်မယ်အတွက် အဲဒါကို တထစ်လျှော့တဲ့အနေနဲ့ အန်တီတို့လည်း လျှော့ပေးမယ်လို့ စိတ်က ကူးထားပါတယ်”

မန္တလေးတိုင်းကတော့ လတ်တလော ဗဟိုဦးစီး အစည်းဝေးလုပ်ပြီး သဘောထား မမေးမြန်းရသေးပေမယ့် NLD ပါတီကို ဦးဆောင်နေကြတဲ့ ဗဟိုနဲ့အတူ တခြား ပြည်နယ်၊ တိုင်းတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်မယ်လို့ NLD မန္တလေးတိုင်းဒုဥက္ကဋ္ဌ ဦးသိန်းတန်ကဆိုပါတယ်။

“အမျိုးမျိုးတော့ ရှိရမှာပေါ့ခင်ဗျာ။ ယတိပြတ်တော့ ပြောလို့မရပါဘူး။ တခြားတိုင်းတွေ ဘယ်လိုလုပ်ထားသလဲ၊ ဘာပြောမလဲဆိုတာ ကျနော်တို့လည်း unseen လေ။ ဘာမှ မသိရသေးဘူးလေ ခင်ဗျာ။ အဲဒီကျမှပဲ ကျနော်တို့ ဆွေးနွေးကြရမှာပေါ့။ ”

မန္တလေးတိုင်းရဲ့ သဘောထားပါရှင်။

တခါ ရှမ်းပြည်နယ်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေထက် ဖြစ်သင့်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လိုက်ပါဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးကဆိုပါတယ်။

“ကျမတို့ ရှမ်းပြည်နယ်သဘောထားကတော့ ဒီအချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှတ်ပုံတင်ရေးကို ကျမတို့ ရှမ်းပြည်က လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့က ကြားဖြတ်ရွေးကောက်ပွဲဝင်တာကိုလည်း လက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီးပါတီရှင်သန်အောင် လုပ်ရမှာမို့လို့ကို အသွင်တွေပြောင်းလာတယ်။ အဲဒီလိုပဲ ကျမတို့ကလည်း တိုးတက်မှုအတွက် ပြောင်းလဲတာကို လက်ခံတဲ့သဘော ဖြစ်ပါတယ်။”

ဒါကတော့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။

လာမယ့် ၁၈ ရက်နေ့ အစည်းဝေးကိုတက်မယ့် ဧရာဝတီတိုင်းက ဗဟိုဦးစီအဖွဲ့ဝင် ဦးမန်းညွန့်သိန်းကတော့ လက်ရှိအစိုးရကို ဘယ်လောက် ယုံကြည်ရမလဲဆိုတဲ့ စဉ်းစာချက် သူ့မှာ ရှိနေတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်ချက်ဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။

“မှတ်ပုံတင်လိုက်ပြီးတော့ မဝင်ဘဲနေလို့ရရင်လည်း နေစေချင်တယ်။ ၁၉၉၀ ခုနှစ်က ရှိသေးတာကိုး။ တကယ်လို့ မတော်တဆများ ယိုင်သွားမယ်ဆိုရင် တို့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ဟာလေးလည်း ပြန်စဉ်းစားရတယ်။ တို့ရဲ့အတွေ့အကြုံနဲ့ပေါ့လေ။ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ဟာ အမျိုးမျိုး အလှည့်ပတ်ခံပြီးတော့ သံသယအကျိုးကတော့ ရှိနေတယ်။ အခြေခံမှာ ပြောင်းလဲမှုတွေ မရှိသေးဘူးလား ဆိုတော့ အခြေခံမှာ ဒီ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေရွေးတာကျတော့ နဂိုရ်မူလလူတွေပဲ သို့မဟုတ် သူတို့ကြံ့ခိုင်ရေးကလူတွေ၊ သို့မဟုတ် အာဏာပိုင်နဲ့ဆက်စပ်တဲ့လူတွေချည့်ပဲ။ ဒီလိုပဲ ငွေများတရားနိုင်၊ ငွေနည်းတရားရှုံးနေတာတွေလည်း ရှိနေတယ်”

ဧရာဝတီက ဦးမန်းညွန့်သိန်းပါ။ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီနှစ်မကုန်ခင် ကျင်းပပေးမယ်ဆိုတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဥပဒေအရ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်နိုင်ခြေရှိတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက VOA မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

XS
SM
MD
LG