မန္တလေး-မြစ်ကြီးနား ရထားတစင်းကို KIO ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရထားဝန်ထမ်းတဦး အနည်းငယ် ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာအစိုးရ စစ်တပ်က KIO အပေါ် ထိုးစစ်အရှိန်မြှင့်လာတဲ့အချိန်မှာ KIO ကလည်း အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ အစိုးရ ရထားတစ်စင်းကို KIO တပ်ရင်း ၁၁ က ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရစစ်တပ်တွေ စစ်အင်အားဖြည့်ရာမှာ လက်နက်နဲ့ စစ်သားတွေကို ရထားတွေနဲ့ အဆက်မပြတ် ပို့ဆောင်နေတဲ့အချိန်မှာ ခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ နမ္မတီး ဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။
“မနက်ပိုင်း ၆ နာရီခွဲ ၇နာလောက်ပေါ့နော်။ အဲအချိန်မှာ ခေါက်ပြန်ရထား မရန့်နဲ့ နမ္မတီးကြား တံတား ညီနောင်မှာ ဗုံးပေါက်ကွဲပြီးမှ စက်ဆရာကို မှန်တွေဘာတွေ ကွဲတဲ့ဟာက စက်ဆရာရဲ့ မျက်နှာမှာ နည်းနည်းပွန်းပဲ့သွားတယ်လို့ အဲဒီလို သတင်းရတယ်။ ပုံမှန်တော့ သွားနေတာပဲ။ တခြားတွဲမှာ ရဲဘော် တွေတော့ တစ်ခါတရံ လေး ငါးတွဲ ပါတယ်လို့ အဲဒီလို သတင်းတော့ ရပါတယ်။ အမြန်ရထား ဒုတိယ အမြန်တို့၊ ပထမအမြန်တို့မှာ ရဲဘော်တွေစီးပြီး တက်လာတယ်လို့ သတင်းတော့ ရပါတယ်”
မြန်မာအစိုးရစစ်တပ်တွေက ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ KIO ရှိရာ ဒေသတလျှောက် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်အင်အားကိုလည်း ကချင်ဒေသကို ရေလမ်း၊ ကုန်းလမ်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းကနေ ပိုတိုးဖြည့်နေတာလို့ မြစ်ကြီးနားဒေသခံတယောက်ကလည်း အခုလို ပြောပါတယ်။
“KIO ခေါင်းဆောင် ဇောင်းဟရားကို သိန်းဇော်က အပစ်ခတ်ရပ်စဲတဲ့စာ ပို့တယ်ဆိုပေမယ့် ပိုပြီးမှ စစ်အင်အား တိုးချဲ့တာကို အခါတိုင်းထက်ကို တိုးချဲ့တာကို သိရတယ်။ မြစ်ဆုံကိုလည်း ကား၂ စင်း အပြည့်နဲ့ တက်သွားတာကို သိရတယ်”
မြန်မာစစ်တပ်တွေရဲ့ ထိုးစစ်ဆင်မှုများကြောင့်လည်း ခုရက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာသွားလမ်းတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဗန်းမော် -လွယ်ဂျယ်လမ်းပိုင်း ခဝမ်ဘမ် (ကျောက်စခန်း) ဒေသအပြင်နဲ့ တာပိန်မြစ်၊ ရေအားလျှပ်စစ်ရှိရာ ဆန်ဂန်မှာလည်း ၃ ရက်ကြာ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။
နှစ်ဘက်အကျအဆုံးရှိရာမှာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ကျဆုံးပြီး KIO ဘက်ကလည်း ထိခိုက် ကျဆုံးမှုရှိကြောင်း သိရပေမယ့် အတညိပြုခြင်းတော့ မရှိသေးပါဘူး။
အခုလို တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ တဘက်မှာလည်း ဒေသခံတွေရှိတဲ့ကျေးရွာကို မြန်မာအစိုးရက KIO တပ်ရင်း ၃ နယ်မြေ ဆန်ပိုင်နဲ့ ဂါးရားယန်ဒေမှာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီး မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေအိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ကျေးရွာတွင်း စစ်သားများဝင်ရောက်ပြီး နေအိမ်ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ကချင်လို အခုလို ပြောပြပါတယ်။
သူပြောသွားတာကတော့- ကျမတို့ကို သူပုန်ဆိုပြီး ကလေးနဲ့ မိခင်တွေအားလုံးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့ကိုတော့ နှိပ်စက်တာ၊ နှိပ်စက်တာ ခြေထောက်တွေလည်း မကောင်းတော့ဘူး။ တကိုယ်လုံးလည်း ပျက်စီးကုန်ကြပြီ။ အသက်မသေရုံတမယ်ပဲရှိတယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေ၊ အလှူငွေတွေ၊ စောင်တွေ အားလုံးလည်း သူတို့ကြိုက်တာ အကုန်ယူသွားတယ်။ ပြီးတော့ ဖျက်ဆီးတယ်။ အိမ်ကို မီးတွေ ရှို့တယ်။ ၃ ယောက်ကိုတော့ သေနတ်နဲ့ရိုက်တယ်။
ဘုရားကျောင်းပလင်ပေါ်မှာဆိုရင် သွေးတွေပဲ။ သူတို့ကိုလည်း သေနတ်နဲ့ချိန်ပြီး ခေါ်သွားကြတယ်လို့ သူက ပြောသွားတာပါ။
ကေအိုင်အေ တပ်ရင်း ၃ ရှိရာ ဌာနချုပ်ဘက်ကို အစိုးရတပ်ရင်း ၁၀ ရင်းခန့် စုပေါင်းပြီး အလုံးအရင်း ချီတက်လာနေသလို KIA ဘက်ကလည်း ခုခံတိုက်ခိုက်နေတဲ့အတွက် လမ်းတလျှောက် ကျေးရွာသားတွေလည်း နှိပ်စက်ဖမ်းဆီးမှုခံရပြီး ဒေသခံတွေလည်း နယ်စပ်ကို ထောင်ချီထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။