သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စီးပွားရေးကျ အရှေ့အာရှ ထိခိုက်


ကန် စီးပွားရေးကျ အရှေ့အာရှ ထိခိုက်
ကန် စီးပွားရေးကျ အရှေ့အာရှ ထိခိုက်

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေဆီက ဝယ်လိုအားတွေကျဆင်းခဲ့တာနဲ့အတူ အရှေ့အာရှတလွှား ဒီကနေ့ ထွက်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေဟာ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံကပို့ကုန်တွေ သိသိသာသာ ကျဆင်းခဲ့တယ်လို့ဆိုခဲ့သလို ဂျပန်နိုင်ငံကလည်း အဓိက စက်မှုပစ္စည်းအမှာတွေဟာ မျှော်လင့်ထားတာထက်ကို ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ Corporate လုပ်ငန်းကြီးတွေရဲ့ အသုံးစရိတ်တွေ နည်းသွားတယ်ဆိုတာကို အဓိက ပြသနေတာ ဖြစ်ပါတယ်။

Australia နိုင်ငံကိုလည်း မနှစ်က ဒီအချိန်နဲ့နှိုင်းယှဉ်ရင် နိုင်ငံတကာခရီးသွား ဧည့်သည်တွေလာတာ သိသိသာ ကျဆင်းသွားတယ်လို့ ပြောပါတယ်။ တကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ကျဆင်းမှု ဂယက်ကို အာရှမှာလည်း ခံရနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ Christine Lagarde က တရုတ်အစိုးရကို သတိပေးခဲ့ပြီး တရက်အကြာမှာပဲ ခုလို အာရှနိုင်ငံတွေဆီက စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေ ထွက်ပေါ်လာခဲ့တာပါ။

တရုတ်နိုင်ငံက မနှစ်က ဒီအချိန်မျိုးထက်စာရင် ပို့ကုန်တွေဟာ ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ ပေမဲ့ September လကထက်စာရင်တော့ ပို့ကုန်တန်ဖိုး ၁၁ ဘီလျံကျော် ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့ကပဲ ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရာပသမဂ္ဂနိုင်ငံတွေဆီ ကုန်တင်ပို့မှုက ထက်ဝက်နီးပါးကျဆင်းခဲ့တာပါ။ နိုင်ငံခြားက စီးပွားရေးအခြေအနေ မတည်ငြိမ်တာကြောင့်ရော ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးအတွက် တင်းကြပ်တဲ့ ငွေကြေးမူဝါဒတွေ ချမှတ်ထားလို့ ခုလိုကျဆင်းရတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဂျပန်မှာလည်း အဓိက စက်ပစ္စည်းအမှာတွေဟာ September လမှာ August လထက် ၈.၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။

တခြားနိုင်ငံတွေရဲ့စီးပွားရေး မခိုင်မာချိန်မှာ Australia ဒေါ်လာတန်ဖိုးက မြင့်တက်နေတာကြောင့် ကမ္ဘာလှည့် ခရီးသွားအရေအတွက်ဟာ ဒီနှစ် September လမှာ မနှစ်က September လထက် ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Australia နိုင်ငံရဲ့ အဓိက အလုပ်အကိုင် ဖန်တီးပေးတဲ့ကဏ္ဍတခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ပြောကြပါတယ်။

XS
SM
MD
LG