သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာတော်တွေဆန္ဒပြရာ လူတွေ ရာနဲ့ချီ စုဝေး


သံဃာတော်တွေဆန္ဒပြရာ လူတွေ ရာနဲ့ချီ စုဝေး
သံဃာတော်တွေဆန္ဒပြရာ လူတွေ ရာနဲ့ချီ စုဝေး

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့ဘက်မုဒ်ဦးမှာရှိတဲ့ မဟာဗုဒ္ဓဝင် ပြတိုက်ကြီး အပေါ်ထပ်မှာ ဒီကနေ့ သံဃာ ၅ ပါး ဆန္ဒပြခဲ့ကြရာမှာ ရာဂဏန်းရှိတဲ့သူတွေ လာရောက် စုဝေးခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို သံဃာ့မဟာနာယကဆရာတော်ကြီးတွေက ရပ်ဖို့ နားချညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး အခုတော့ ဆန္ဒပြကိုယ်တော်တွေကို မစိုးရိမ်တိုက်ဟောင်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

ဆန္ဒပြသံဃာတွေကတော့ သူတို့ တောင်းဆိုမှုတွေ မရမချင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသွားမယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။ ဆန္ဒပြသံဃာတော်တပါးကို ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က အပြည့်အစုံ ဆက်ပြောပြပါမယ်။

“ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေအားလုံးဟာ အကြမ်းဖက်တဲ့ဝါဒ၊ တယောက်နဲ့တယောက် ညှင်းပန်းနှိပ်စက်တဲ့ဝါဒ၊ တယောက်နဲ့တယောက်မနာလို ဝန်တိုတဲ့ဝါဒ၊ တယောက်ကိုတယောက် အနှောင့်အယှက်ဖြစ်စေတဲ့ဝါဒ အဲဒီဝါဒတွေကို လုံး၀ မကျင့်သုံးကြဖို့……”

မန္တလေးမြို့ကျောင်းတိုက်တွေမှာ သီတင်းသုံးနေကြတဲ့ သံဃာ ၅ ပါးက ဒီကနေ့ အင်္ဂါနေ့ မနက် ၅ နာရီခွဲလောက်ထဲကစပြီးတော့ မဟာဗုဒ္ဓဝင် ပြတိုက်ကြီးရဲ့ အပေါ်ထပ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးစတဲ့ တောင်းဆိုမှုတွေကို အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ပိတ်စတွေပေါ်မှာ ရေးသားပြီး ဝရန်တာမှာ ချိတ်ဆွဲထားခဲ့ကြပါတယ်။

အခုနောက်ဆုံး သိရတာကတော့ ဆန္ဒပြသံဃာတော်တွေကို တိုင်းသံဃာ့ မဟာနာယက ဆရာတော်ကြီးတွေ လာရောက် နားချခဲ့ပါတယ်။ အဲဒီနောက်မှာ သိပ်မကြာခင်ပဲ မစိုးရိမ် တိုက်ဟောင်းကို ခေါ်သွားတယ်လို့ လူအုပ်ထဲမှာရှိတဲ့သူ တယောက်က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

“ကျနော်လည်း အခု ကျောင်းဝန်းထဲမှာ ရှိနေပါတယ်။ ကိုယ်တော်တွေကို ဗိမာန်ကနေ ခေါ်လာပြီးတော့ မစိုးရိမ်ကျောင်းတိုက်မှာ လွတ်လွတ် လပ်လပ် ဟောပြောလို့ရပါတယ် ဆိုပြီးတော့ ခေါ်လာတယ်။ ခေါ်လာပြီးတော့ နာယုပဒေသကျောင်းတိုက်မှာ ခဏထားတယ်။ ပြီးတော့ ဆရာတော်ကြီးရှိတဲ့ မဟာပဌာန နာယုပဒေသဗိမာန်ဆီ ဆရာတော်တွေကို ခေါ်သွားတယ်။ အနေအထားကတော့သံဃာတော်တွေရော ပြည်သူတွေရော ကျောင်းဝန်းထဲမှာ ပြည့်နေတယ်။ ဟောပြောဖို့ အနေအထားတွေကတော့ နည်းနည်းတော့ ခက်ခဲသွားတာပေါ့။ ရှေ့ဆက်ပြီး ဘယ်လို သွားမလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား ဘာမှလည်း မသိရသေးဘူး။ ဘာအဖြေများထွက်လာမလဲ ဆိုပြီး စောင့်နေကြတာပဲ”

လက်ရှိနောက်ဆုံးဖြစ်နေတဲ့ အခြေအနေကို လူအုပ်ထဲမှာရှိတဲ့ သူတယောက် ပြောပြတာဖြစ်ပါတယ်။ အစောပိုင်းကတော့ ဆန္ဒပြနေကြတဲ့ သံဃာတွေထဲက တပါးဖြစ်တဲ့ ဆရာတော် ဦးသောပါကနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဆရာတော်က သူတို့ ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာကို VOA မြန်မာပိုင်းကို ခုလို မိန့်ပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ဦးဇင်းတို့ ၃ ချက်ရှိတယ်။ နံပါတ် ၁ က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့၊ နံပါတ် ၂ က ပြည်တွင်းစစ် ရပ်စဲဖို့၊ နံပါတ် ၃ က လွတ်လပ်စွာ ဟောပြောခွင့်နဲ့ လွတ်လပ်စွာရေးသားခွင့် စသည်အားဖြင့် အဲဒီလွတ်လပ်ခွင့်တွေရဖို့အတွက် ရည်ရွယ်ချက် ၃ ချက်နဲ့ ဒီ
ကနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို လှုပ်ရှားဖြစ်တာပါ။ သံဃာတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုရော အမြန်ဆုံး လွတ်မြောက်လိမ့်မယ်လို့ ဦးဇင်းတို့က အစောကြီးက တွက်ထားတာ။

ဒါပေမဲ့ ဦးဇင်းတို့ ထင်ထားသလို၊ တွက်ထားသလို မဖြစ်လာတဲ့အခါကျတော့ ငါတို့ရဲ့ ညီတော်၊ နောင်တော်၊ သံဃာတော်တွေရော၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ စသည်အားဖြင့် အားလုံးလွတ်မြောက်ဖို့တော့ ငါတို့ လုပ်ဖို့ အချိန်တန်ပြီ- ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ဦးဇင်းတို့ သံဃာတွေကနေပြီးတော့ လုပ်လိုက်တာပါ။

ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှသာလျှင် ဦးဇင်းတို့ တိုင်းပြည်ဟာ စီးပွားရေးရော၊ ဘာရော ဘက်ပေါင်းစုံကတိုးတက်လာမှာကိုး။ အဲဒါကြောင့် သူတို့လွတ်ရင်တော့ တိုင်းပြည်က အများကြီး တိုးတက်လာစရာ အကြောင်းရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့လုပ်တာ။

နောက်တချက်ကတော့ ပြည်တွင်းစစ်ပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်တာပေါ့။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က Peace movement ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တွင်းစစ်ရပ်စဲရေး ဆိုတဲ့ ပုံစံမျိုးနဲ့ ဦးဇင်းတို့က လုပ်ထားတာပါ။

ဒီနေ့ဆိုလို့ရှိရင် အားပေးတဲ့ ပရိတ်သတ်က အများကြီးပဲ။ လေးငါးရာလောက် အောက်မှာ ရှိတယ်။ အင်မတန် ဝမ်းသာစရာကောင်းပါတယ်”

“အရှင်ဘုရားတို့ အခုလိုမျိုး လုပ်တဲ့အခါမှာ အရှင်ဘုရားတို့အတွက် အန္တရာယ်ရှိနိုင်တယ် ဆိုတာကိုရော ထည့်တွက်မိပါရဲ့လားဘုရား ”

“တွက်တာပေါ့။ ဒီအန္တရာယ်ဟာ ဘယ်လောက်ထိ ရှိလဲဆိုရင် အင်းစိန်အထိတောင် သွားရနိုင်တယ်ဆိုတဲ့ဟာက တွက်ထားပြီးသားပါ”

ဆန္ဒပြသံဃာတော် ဆရာတော် ဦးသောပါက အစောပိုင်းက မိန့်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကို ထပ်ပြီး ဆက်သွယ်လို့ မရသေးတဲ့အတွက် သူတို့ ဘယ်လို ညှိနှိုင်း အဖြေရသလဲဆိုတာကိုတော့ ပြောဖို့ လောလောဆယ် ခက်နေပါတယ်။

မန္တလေးမြို့မှာ လူသိများထင်ရှားတဲ့ မဟာမြတ်မုနိ ဘုရားကြီး အရှေ့ဘက်က မဟာဗုဒ္ဓဝင် နိဗ္ဗာန်တော် အဆောက်အဦးမှာ သံဃာတော် ၅ ပါး ဆန္ဒပြကြတယ် ဆိုတဲ့သတင်းကြောင့် လာပြီး စုဝေး ရောက်လာကြတဲ့ ပရိတ်သတ်ကလည်း ပထမ ဆန္ဒပြကြတဲ့ နေရာကနေပြီးတော့ အခု မစိုးရိမ်တိုက်ဟောင်းအထိကို လိုက်လာခဲ့ကြတာပါ။

အဲဒီထဲမှာ အမရပူရကနေတောင် လာခဲ့တယ်ဆိုတဲ့ သံဃာတပါးက ဘာကြောင့် လာတယ်ဆိုတာကို ခုလို မိန့်ပါတယ်။

“သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝထောက်ခံတဲ့အတွက် ဒီထိအောင် လိုက်လာခဲ့တာပါ။ ဦးဇင်းက အမရပူရကနေ ဒီကို လာရတာလေ။ သတင်းကြားတာနဲ့ ဒီကိုလာ၊ လာတဲ့အချိန်မှာကျမနက်အစောကြီးရောက်ပြီးတော့ တောက်လျှောက်ပဲ ထောက်ခံခဲ့တယ်။ နောက်ပြီး ရေတွေ ဘာတွေ၊ လိုအပ်တဲ့ ဆွမ်း၊ ကွမ်း တွေ ဖြည့်ဆည်းပေးနိုင်တာ ဖြည့်ဆည်းပေးပေါ့နော်။ ဒီဘက်ရွှေ့တဲ့အခါမှာလည်း အထက်နဲ့အောက် ညှိနှိုင်းစရာတွေ ညှိနှိုင်းပြီးမှ ဦးဇင်းကိုယ်တိုင် ပရိတ်သတ်တွေနဲ့အတူတူ လာပြီးတော့ ဝိုင်းရံတယ်ပေါ့နော်၊ ထောက်ခံတယ်။ အားပေးတယ်ပေါ့”

လက်ရှိမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်နေကြတဲ့ လူအုပ်ကြီးက မစိုးရိမ် တိုက်ဟောင်း ရှေ့မှာ စောင့်နေကြပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရကတော့ ဒီဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားပြီ ဖြစ်ပြီးတော့ အခုချိန်ထိတော့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတွေ တစုံတရာ အရေးယူခံရတာမျိုးတွေ မကြားရသေးပါဘူးရှင်။

XS
SM
MD
LG