သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးဆန္ဒပြမှု သံဃာတပ်ပေါင်းစုထောက်ခံ


မန္တလေးဆန္ဒပြမှု သံဃာတပ်ပေါင်းစုထောက်ခံ
မန္တလေးဆန္ဒပြမှု သံဃာတပ်ပေါင်းစုထောက်ခံ

မြန်မာနိုင်ငံမှာအပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲသင့်သလောက် မပြောင်းလဲတာကြောင့် မန္တလေးက သံဃာတွေ မကျေမနပ် ဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုပြီး ပြောသလို ဖြစ်မလာတဲ့အပေါ်မှာ သံဃာတွေဘက်က စိတ်ပျက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရေး အချက်သုံးချက်အတွက် မန္တလေးဘုရားကြီး မဟာဗုဒ္ဓဝင်ပြတိုက်မှာ ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သင့်သလောက် မြန်မြန်ဆန်ဆန်ဖြစ်မလာတဲ့အပေါ် အာဏာပိုင်တွေကို ဖိအားပေး ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆန္ဒပြသံဃာတွေကိုယ်တိုင်ကရော၊ ဒါကို ထောက်ခံတဲ့ သံဃာအဖွဲ့အစည်းတွေကပါ ပြောပါတယ်။ အထူးသဖြင့် အစိုးရဘက်က အပြောနဲ့ အလုပ်မညီလို့ ဆန္ဒပြတာဖြစ်တယ်လို့ သံဃာတပ်ပေါင်းစုရဲ့ ပြည်ပတာဝန်ခံ အရှင်ပညာဇောတက ဗွီအိုအေကို ပြောပါတယ်။

“ထောင်တွေထဲမှာ သံဃာတော်တွေ အများကြီးရှိနေသေးတယ်။ ဒီလို ရှိနေတဲ့ သံဃာတော်တွေကို နအဖအစိုးရကနေပြီးတော့ လွှတ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါတွေ သူပြောထားပြီးတော့ အပြောနဲ့အလုပ် မညီတဲ့အတွက်ကြောင့် သံဃာတော်တွေကတော့ သံဃာတော်တွေအချင်းချင်း လွှတ်ပေးဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်၊ ဝတ္တရားရှိတယ်လေ။ ဒါကြောင့် သံဃာတော်တွေက ပြောတာပါ”

ကိုယ်တိုင်ဆန္ဒပြခဲ့သူ ဦးသောပါက ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ မျှော်လင့်သလို ဖြစ်မလာတဲ့အတွက် သံဃာတော်တွေအနေနဲ့ လုပ်သင့်တယ်လို့ ယူဆတာကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“သံဃာတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုရော အမြန်ဆုံး လွတ်မြောက်လိမ့်မယ်လို့ ဦးဇင်းတို့က အစောကြီးက တွက်ထားတာ။ ဒါပေမဲ့ ဦးဇင်းတို့ ထင်ထားသလို၊ တွက်ထားသလို မဖြစ်လာတဲ့အခါကျတော့ ငါတို့ရဲ့ ညီတော်၊ နောင်တော်၊ သံဃာတော်တွေရော၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်တို့ စသည်အားဖြင့် အားလုံးလွတ်မြောက်ဖို့တော့ ငါတို့ လုပ်ဖို့ အချိန်တန်ပြီ- ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ဦးဇင်းတို့ သံဃာတွေကနေပြီးတော့ လုပ်လိုက်တာပါ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှသာလျှင် ဦးဇင်းတို့ တိုင်းပြည်ဟာ စီးပွားရေးရော၊ ဘာရော ဘက်ပေါင်းစုံကတိုးတက်လာမှာကိုး။ အဲဒါကြောင့် သူတို့လွတ်ရင်တော့ တိုင်းပြည်က အများကြီး တိုးတက်လာစရာ အကြောင်းရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့လုပ်တာ။ နောက်တချက်ကတော့ ပြည်တွင်းစစ်ပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်တာပေါ့။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က Peace movement ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တွင်းစစ်ရပ်စဲရေး ဆိုတဲ့ ပုံစံမျိုးနဲ့ ဦးဇင်းတို့က လုပ်ထားတာပါ။”

ဆန္ဒပြကိုယ်တော် ၅ ပါးဟာ မန္တလေးမဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်းက မဟာဗုဒ္ဓဝင်ပြတိုက် အပေါ်ကနေ သူတို့လိုလားချက်တွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ပိတ်စတွေပေါ်မှာ ရေးဆွဲထားသလို အဲဒီကနေ လာရောက်ကြည့်ရှုအားပေးတဲ့ လူထုနဲ့သံဃာကိုလည်း အသံချဲ့စက်နဲ့ သူတို့လိုလားချက်တွေကို ဟောပြောခဲ့ပါတယ်။ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေ လာရောက်ညှိနှိုှုင်းပြီးနောက် မစိုးရိမ်တိုက်ဟောင်းဘက်ကို သူတို့ ရွှေ့သွားခဲ့ပါတယ်။ အဲဒီမှာ လိုလားချက်တွေကို ဆက်ပြီး ဟောပြောသွားလိမ့်မယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်ရေးအပါအဝင် နိုင်ငံရေးလိုလားချက်တွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပို်င်တွေ ညှိနှိုင်းဆွေးနွေးမှုတွေ လတ်တလော ရှိနေသလို အပြောင်းအလဲအချို့လည်း မြင်နေရချိန်မို့လို့ အခုလို ဆန္ဒပြမှုမျိုးကြောင့် ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးသွားမလား စိုးရိမ်သူတွေလည်းရှိပါတယ်။

သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင်ပညာဇောတကတော့ သံဃာတွေတောင်းဆိုတဲ့ဒီအချက် (၃) ချက်ဟာ အခြားပြည်တွင်းပြည်ပ လိုလားချက်တွေနဲ့ တညီတည်းဖြစ်တာမို့ လက်ရှိ ဆွေးနွေးမှုတွေ အပြောင်းအလဲတွေအပေါ်မှာ ထိခိုက်စရာမရှိဘူးလို့ မြင်ပါတယ်။

“နှောင့်နှေးစရာ မဖြစ်ပါဘူး။ ဘာကြောင့်လဲလို့ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က ပြောနေတာကလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ ပြောတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေ ပြောတယ်။ နအဖကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ပါမယ်၊ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်ပေးပါမယ် ဆိုပြီးတော့ မြန်မာပြည်သူပြည်သားတွေကိုလည်းပဲ ပြောတာရှိသလို နိုင်ငံပေါင်းစုံကို-ကုလသမဂ္ဂအဖွဲ့အစည်းကြီးအပါအဝင် အမေရိကန်၊ ဥရောပစတဲ့ နိုင်ငံတွေကိုလည်းပဲ ပြောနေတာတွေ ရှိပါတယ်။

ဆိုတော့-ရဟန်း၊ သံဃာတွေ အခုတောင်းတာကလည်းပဲ ဒါပဲ ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ကြန့်ကြာမှုတွေ ဘာမှ ဖြစ်စရာအကြောင်းမရှိပါဘူး။ ပြောတဲ့ အဓိပ္ပာယ်ချင်းဟာ အတူတူပဲဖြစ်ပါတယ်။ ကွဲလွဲချက်မရှိပါဘူး”

အမေရိကန်နိုင်ငံခြားရေးဌာနကတော့ အခု အဖြစ်အပျက်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်နိုင်ရေးကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ကြိုးပမ်းသွားမယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာလူထုအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပါဝင်ခွင့်ရတာကို မြင်လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီထက်ပိုလုပ်စရာတွေ ကျန်နေသေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ကိစ္စအပါအဝင် လူ့အခွင့်အရေးအခြေအနေတွေအတွက် စိုးရိမ်မိပါတယ်။ ထောင်ထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်ပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ဆက်လက် တောင်းဆိုနေပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ တနည်းအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအချို့ ဒီရက်ပိုင်း အတွင်း ပြန်လွတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံထဲမှာတော့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ဒါပေမယ့် အစိုးရသစ်ဖြစ်ပြီးကတည်းက သတင်းတွေထွက်သလို မြန်မြန်ဆန်ဆန် လွတ်မလာကြတာ၊ ပြီးခဲ့တဲ့အခေါက် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့လည်း နိုင်ငံရေး အကျဉ်းသားတွေ မျှော်လင့်သလောက် မပါတာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးဆိုပြီး အာဏာပိုင်တွေဘက်က ငြင်းဆန်ပြောတာတွေကြောင့် အတိုက်အခံ လှုပ်ရှားသူတွေဘက်က လက်ရှိ အပြောင်းအလဲတွေအပေါ် သံသယရှိနေတုန်းပဲလို့ ပြောရမှာပါ။


XS
SM
MD
LG