သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲတွေလေ့လာဖို့ ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်


အပြောင်းအလဲတွေလေ့လာဖို့ ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်
အပြောင်းအလဲတွေလေ့လာဖို့ ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်

မြန်မာအစိုးရသစ်လက်ထက်မှာ ဖေါ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန်းစစ်လေ့လာဖို့အတွက် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ စတင်ရောက်ရှိနေပါတယ်။

တချိန်ထဲမှာပဲ သူရဲ့ မြန်မာနိုင်ငံ ၃ ရက်ကြာခရီးစဉ် အတွင်း မြန်မာနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတဲ့ အတွက် မြန်မာနိုင်ငံထဲက တကယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ အကူညီတွေရောက်ဖို့ပါ သေချာအောင်လုပ်ဆောင်သင့်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဝန်ကြီး အန်ဒရူးမစ်ချဲလ်ဟာ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအဝင် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအားလုံးပြန်လွှတ်ပေးတာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ဦးတည်တဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေတာမျိုး မြန်မာအစိုးရအဖွဲ့ဘက်က လုပ်ဆောင်လာမယ်ဆိုရင် ဗြိတိန်နိုင်ငံက စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေ ဖြေလျှော့ပေးဖို့နဲ့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့မှုတွေ တိုးပေးဖို့ ဗြိတိန်နိုင်ငံက အသင့်ပဲလို့ ဝန်ကြီး မစ်ချဲလ်က သမ္မတဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် The Telegraph တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK အဖွဲ့ ဒါရိုက်တာ Mark Farmaner ကတော့ ဝန်ကြီး မစ်ချဲလ် မြန်မာနိုင်ငံကို မသွားခင် မြန်မာအစိုးရသစ် အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကို လက်တွေ့ လေ့လာဆန်းစစ်ပြီးမှ အပြောင်းအလဲတွေ တကယ်ရှိမရှိ ဆုံးဖြတ်မယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ သူပြောခဲ့တဲ့ စကားတွေထဲက အရေးကြီးတဲ့စကားတခွန်းက မြန်မာအစိုးရနဲ့ အရင်ဆက်ဆံခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် သူတို့ ပြောစကားတွေကို မယုံသင့်တဲ့အတွက် သူတို့ရဲ့အပြောထက် လက်တွေ့လုပ်ဆောင်ပြတာကို ကြည့်ပြီးမှ ကိုယ်တိုင်ဆုံးဖြတ်မှာပါလို့ ပြောခဲ့တာပါ။ ဒါ့ပြင် အခုထိ သူတို့ လုပ်ဆောင်မှုတွေအရဆိုရင် sanction နဲ့ အရေးယူမှုတွေ ရုပ်သိမ်းပေးရလောက်အောင် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့က သိပ်ကို လိုနေပါသေးတယ်လို့လည်း ပြောပါတယ်”

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတာနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးတာအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတချို့ကို ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပေမယ့် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

“ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတာ မြင်ချင်တယ်လို့လည်း သူကပြောပါတယ်။ နောက် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အခုလောက်နဲ့ မလုံလောက်သေးဘူးဆိုတဲ့အကြောင်း မြန်မာအာဏာပိုင်တွေသိအောင် ပြင်းပြင်းထန်ထန် ပြောကြားမှာဖြစ်ပြီး တကယ်လို့ အရေးယူဒဏ်ခတ်မှုတွေ ဖယ်ရှားပေးစေချင်ရင် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းမယ် လို့လည်း မစ္စတာ မစ်ချဲလ်ကပြောပါတယ်”

လက်ရှိမှာ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ ဒုက္ခသည်အရေအတွက်ဟာ အရင်ကထက် ၂ ဆ များလာတာ တွေ့ရပေမယ့် ဗြိတိန်နိုင်ငံက အကူအညီထပ် တိုးပေးတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။ အကယ်လို့ ထောက်ပံ့ကူညီမှုတွေ ပေးမယ်ဆိုရင်လည်း တကယ့် ဒုက္ခသည်တွေဆီ ရောက်အောင် လုပ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

“ Andrew Mitchell ဟာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေပေးရာမှာ တာဝန်ရှိသူ ဝန်ကြီးတဦးပါ။ သူဟာ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကူညီမှုတွေကို ကိုင်တွယ်သူမို့ အခု မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးမယ်ဆိုရင် တကယ်လိုအပ်နေတဲ့ သူတွေဆီရောက်မရောက် သေချာအောင် လုပ်ဖို့ လိုပါတယ်”

ပြီးခဲ့တဲ့နှစ်ထဲမှာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲထားတာကို ချိုးဖောက်ပြီး မြန်မာအစိုးရဘက်က စစ်ရေးတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်ပေါင်း ၁ သိန်းခွဲလောက် ရှိလာခဲ့တာမို့ ဒီဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံရဲ့ အကူညီ တိုက်ရိုက်ပေးခွင့်မရခဲ့ရင် နယ်စပ်ကျော်ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် ကုလသမဂ္ဂအကူအညီနဲ့ ပေးအပ်ဖို့လည်း တောင်းဆိုခဲ့တာပါ။

ဝန်ကြီးမစ်ချဲလ်ဟာ မြန်မာ့အရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူမို့ အခုလည်း မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ထဲထဲဝင်ဝင် ကူညီနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“Andrew Mitchell ဟာ မြန်မာ့အရေးကို အရင်နှစ်ပေါင်းများစွာကတည်းက စိတ်ဝင်စားခဲ့သူပါ။ လွန်ခဲ့တဲ့နှစ် သိပ်မကြာခင်ကပဲ သူ မြန်မာနိုင်ငံကို သွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံခဲ့သူပါ။ သူဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေဖြစ်နေတဲ့နေရာကိုလည်း ကိုယ်တိုင်လေ့လာဖို့ သွားရောက်ခဲ့သူမို့ပါ”

မစ္စတာ မစ်ချဲလ်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တဦးဖြစ်သူ ဦးခွန်သာမြင့်က VOA ကိုအတည်ပြုပြောဆိုပါတယ်။

XS
SM
MD
LG