မြန်မာနိုင်ငံကို နိုဝင်ဘာလဆန်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေတယ်ဆိုတာ သိသာတယ်လို့ ပြောကြားခဲ့ပေမယ့် မြန်မာအစိုးရသစ်ဘက်က တကယ့်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ သံဓိဌာန်ခိုင်မာမှု ရှိမရှိစမ်းသပ်မှုအဖြေဟာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးမှုပေါ် မူတည်နေတယ်လို့ VOA ကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမေရိကန်အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာဟာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုလူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာပို့စနာဟာ မြန်မာနိုင်ငံကို ပထမဆုံးရောက်ခဲ့တာမို့ အရင်ကအနေအထားနဲ့ ယှဉ်မပြနိုင်ပေမယ့် ပြောင်းလဲမှုတွေ စဖြစ်နေတယ်ဆိုတာ သိသာနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရက ပြီးခဲ့တဲ့ လထဲမှာ အကျဉ်းသား ၆,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၂၀၀ ကျော်ပဲ ရှိတာမို့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှုကိစ္စဟာ မြန်မာ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုခြေလှမ်း စစ်မှန်မှုကို မှတ်ကျောက်တင် စမ်းသပ်ရာမှာ အဓိက အချက်ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေက အတော်များများ ရှိနေပါသေးတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ တကယ့် အပြောင်းအလဲတွေဖြစ်လာဖို့အတွက် အစိုးရပိုင်းက အာမခံပြီး လုပ်မယ် မလုပ်ဘူးဆိုတာ စမ်းသပ်နိုင်တဲ့ အဓိကအချက်က ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးတဲ့အပေါ် မူတည်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေကို ကျွန်တော်တို့ ပြောခဲ့ပါတယ်”
မြန်မာအစိုးရရဲ့ သံဓိဌာန်ခိုင်မာမှုအပေါ်ဒုတိယ စမ်းသပ်နိုင်မှုကတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းကြောင်း ဖွင့်ပေးတဲ့ပုံစံလို့ မစ္စတာပို့စနာက ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တရားဝင်ဖြစ်ရေး အတွက် ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ပေးတာမျိုး သူကိုယ်တိုင် မြန်မာနိုင်ငံမှာရှိနေတုန်း လုပ်ဆောင်လာတာ တွေ့ရတာမို့ အခုဆိုရင် ပါတီတွင်း ဆန္ဒခံယူပြီး လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့ ရှိမရှိ သူတို့ ကိုယ်တိုင်ဆုံးဖြတ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လာမယ့် လအနည်းငယ်အတွင်း ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာက ၄၇ နေရာပဲ လစ်လပ်တာမို့ သူတို့ ဆွေးနွေးကြတဲ့ထဲမှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်မယ့် ဒီအမတ်နေရာအားလုံး သူတို့ ရနိုင်မရနိုင်ဆိုတဲ့ အချက်တွေ၊ နောင်လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ကြမယ်ဆိုတာတွေဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။
တတိယ အချက်အနေနဲ့ အစိုးရသစ်အဖွဲ့ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ တကယ့် ဆန္ဒ ရှိမရှိ စစ်ဆေးနိုင်တဲ့ကိစ္စက တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ပါးအောင် လုပ်ဆောင်မှုကို ကြည့်နို်င်တယ်လို့ မစ္စတာ ပို့စနာက မြင်ပါတယ်။
တကယ်လို့ မြန်မာအစိုးရဘက်က ဒီအချက်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာခဲ့ရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ အတွက် ပြန်လှန်သုံးသပ်ဖို့ လုပ်မှာလားလို့ မေးတဲ့အခါမှာတော့-
“ကျွန်တော်တို့ဘက်က တဆင့်စီချင်း လုပ်ဆောင်ပါတယ်။ အရေးယူဒဏ်ခတ်မှုကိုတော့ ဆက်ပြီး ထားမှာပါ။ ဒါပေမယ့် အခုတွေ့နေရတဲ့ အပြောင်းအလဲ စဖြစ်နေတာအတွက်တော့ တကယ် အသိ အမှတ် ပြုမှာဖြစ်ပြီး ဒီအပြောင်းအလဲတွေအတွက် အားပေးပါတယ်။ တကယ်လို့ အပြောင်းအလဲတွေ ဆက်ပြီး ဖြစ်လာနေမယ်ဆိုရင် အခုထက်ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ ရှိတဲ့အပြင် နောင် အတွက်လည်း ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့လမ်းတွေကို စဉ်းစားမှာပါ”
“အမေရိကန် အစိုးရက ပြီးခဲ့တဲ့ နှစ်ထဲမှာ မြန်မာ စစ်အစိုးရခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ထောက်ခံခဲ့တာမို့ အခုလို မြန်မာနိုင်ငံက အပြောင်းအလဲတွေ စတွေ့လာချိန်မှာ အမေရိကန်ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ”
“မြန်မာနိုင်ငံမှာ အရင်တုန်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုနဲ့ပတ်သက်လို့ အကောင်းဆုံး ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့မှာ နည်းမျိုးမျိုး စဉ်းစားထားပြီး ဖြစ်ပါတယ်။ ဒါက ပြဿနာတခုပါ။ အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးဖို့ အဓိက အာရုံစိုက် လုပ်ဆောင်နေပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ကိစ္စ၊ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စအပြင် နိုင်ငံရေးလုပ်ငန်းစဉ်တွေ အားလုံးအတွက် ပွင့်လင်းလာဖို့ ဖြစ်ပါတယ်။
ဒီကိစ္စတွေ အားလုံးပြောင်းလဲ ဖြစ်ထွန်းလာရင်တော့ အရင်တုန်းက ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်တဲ့ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာတွေအတွက် ဘယ်လို လုပ်ဆောင်မယ်ဆိုတာတွေ ကိုပြောကြားမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် လိုမလို ဆွေးနွေးရတဲ့ အပိုင်းကိုရောက်လာမှာပါ”
ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရစ်မစ်ချဲလ်နဲ့ အတူ မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့အတွက် အစိုးရပိုင်းက ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်မှုတွေနဲ့အတူ တရားဥပဒေကို လေးစားလိုက်နာဖို့နဲ့ သတင်း လွတ်လပ်ခွင့်၊ လူထုစုဝေးခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်ပေးရေးတွေဟာ အရေးပါတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။