သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင်ကို ရန်ကုန်ရွှေ့


မင်းကိုနိုင်ကို ရန်ကုန်ရွှေ့
မင်းကိုနိုင်ကို ရန်ကုန်ရွှေ့

ရှမ်းပြည်နယ်၊ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဒီကနေ့ နေ့ခင်းက ကျိုင်းတုံကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဘယ်ထောင်ကို ပို့မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့ကစပြီး နယ်ဝေးထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုနဲ့နီးစပ်ရာထောင်တွေဆီ စတင်ပြောင်းရွှေ့ပေးနေတာ ဖြစ်ပါတယ်။ တခြား ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေတွေကိုတော့ မကြားသိရသေးပါဘူး။ ဒီအကြောင်းကို မိသားစုဝင်တွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ပြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် ဦးဂဘမ္ဘီရ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်မနီလာသိန်းတို့ကို နယ်ဝေး ထောင်တွေကနေ စတင်ပြောင်းရွှေ့ခဲ့ရာက ဒီကနေ့မှာတော ကျိုင်းတုံထောင်က ကိုမင်းကိုနိုင်ကို ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကိုမင်းကိုနိုင်ကို ဒီကနေ့ ကျိုင်းတုံထောင်က ပြောင်းရွှေ့လိုက်တယ်ဆိုတာကိုတော့ သူရဲ့အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က အခုလို ပြောပါတယ်။

“ကျိုင်းတုံက မိတ်ဆွေတဦးပြောတာကတော့ လေယာဉ်နဲ့ပါသွားပြီလို့တော့ ပြောတယ်။ လေယာဉ်က ၁၂ ခွဲထွက်တယ်တဲ့။ သူကိုပို့တာ လေဆိပ်လည်းအရောက် လေယာဉ်လည်းအရောက် ချိန်ကိုက်ပဲတဲ့။ တန်းတင်တယ်တဲ့ အဲလိုပြောတာ။ ရန်ကုန်လေယာဉ်ပဲပေါ့။ ဟဲဟိုးဝင်အုံးမယ်တော့ ပြောတယ်။ ဒီလေယာဉ်က။ လေယာဉ်က ရန်ကုန်လာမယ့် လေယာဉ်ပဲပေါ့။ သူ့ကြည်လိုက်တာ တယောက်တည်းပဲ တွေ့တယ်တဲ့။ Leather ဂျာကင်လေး ဝတ်သွားတာ တွေ့တယ်တဲ့။ လက်ထိပ်တွေဘာတွေတော့ မခတ်ထားပါဘူးတဲ့။ မိတ်ဆွေက လှမ်းမြင်လိုက်တာပြောတာ”

ဒီလိုထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက မိသားစုတွေကို တစုံတရာအကြောင်းကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။

ကိုမင်းကိုနိုင်ကို ရန်ကုန်ကနေ သရက်ထောင်ကို ပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုချက်တော့မရသေးပါဘူး။

ကျိုင်းတုံထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့အခြားအကျဉ်းသား ၄ ဦးကို မနေ့က ဆေးစစ်ချက်ယူတာ ရှိခဲ့ပေမဲ့ ဒီကနေ့တော့ ကိုမင်းကိုနိုင်တယောက်တည်းကိုပဲ ထောင်ပြောင်းတာရှိတယ်။ ထောင်အာဏာပိုင်တွေက ကိုမင်းကိုနိုင်အတွက် လိုအပ်တဲ့ဆေးဝါးတချို့ကိုလည်း ထည့်ပေးလိုက်တယ်လို့ ကျိုင်းတုံထောင်က ဝန်ထမ်းတဦးက ပြောပါတယ်။

မိုင်းဆတ်ထောင်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုကိုကြီးကို ထောင်အပြောင်းအရွှေ့ရှိမရှိ နဲ့ပတ်သက်ပြီး ညီဖြစ်သူ ကိုအောင်ထွန်းက အခုလို ပြောပါတယ်။

“မိုင်းဆတ်ကို ကျနော်တို့ ဖုန်းဆက်တုန်းကတော့ ကိုင်တာမရှိဘူး။ အိမ်ကိုတော့ အကြောင်းကြားတာမျိုး မရှိဘူးပေါ့။ ကျနော်တို့လည်း ဘာမှ မကြားရသေးဘူး။ စောင့်ကြည့်နေတာပဲ။ တချို့လူတွေတော့ ကြားနေတာပေါ့။ မနီလာသိန်းတို့ ဘာတို့ ပြောင်းတယ်ဆိုတာတော့ ကြားနေတာပေါ့”

VOA က မိုင်းဆတ်ထောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကိုကိုကြီးနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေဟာ အဲဒီမှာပဲ ရှိနေဆဲဖြစ်ကြောင်း တာဝန်ကျ ဝန်ထမ်းတဦး ပြောပါတယ်။

ကသာထောင်မှာကျခံနေရတဲ့ ကိုအံ့ဘွယ်ကျော်သတင်းနဲ့ပ တ်သက်လို့တော့ ဘာမှ မကြားရသေးကြောင်း အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်းက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မယ်ဆို သတင်းတွေ ထွက်ပေါ်နေပြီး မလွတ်လာသေးတဲ့အပေါ်မှာတော့ ဒေါ်တင်တင်ဝင်းက သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ကျမကတော့ လွှတ်မယ်ဆိုလည်း တခါတည်းလွှတ်လိုက်တာ ကြိုက်တယ်ပေါ့။ ဟိုတနေရာပြောင်း ဟိုတနေရာပြောင်း ပြောင်းပြီးတော့ကော လွှတ်ဖို့ဆိုတာက ဘယ်လောက်ကြာအုံးမှာလဲ။ အဲဒါက ရှိသေးတယ်။ ၁၀ ရက်နေ့တို့၊ ၁၄ ရက်နေ့တို့ ပြောနေကြတာ။ လူတွေကလည်း လွှတ်စေချင်တော့ ကိုယ်ဖြစ်ချင်တာ ပြောကြသလားတော့ မသိပါဘူး။ မိသားစုတွေကလည်း မျှော်လင့်-မျှော်လင့်၊ မပါ- မပါဆိုတော့ အဲလိုပဲ မျှော်ရ မျှော်ရတာနဲ့ပဲ အားကုန်တယ်ပေါ့နော်။ အသက်ကလည်းကြီးဆိုတော အားလျော့တာပေါ့"

အခြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ အခြားသူတွေရဲ့ ထောင်အပြောင်းအရွှေ့သတင်းတော့ မကြားသိရသေးပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရပြီး ဝေးလံတဲ့ ထောင်တွေဆီ အပို့ခံထားရသူတွေဖြစ်ပါတယ်။

ဒီလို ဝေးလံတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ နီးရာထောင်တွေကို ပြောင်းရွှေ့နေတဲ့ တချိန်တည်းမှာတော့ ၂၀၁၀ ခုနှစ် ရန်ကုန်မြို့က X20 ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲတာကို ဓာတ်ပုံရိုက်တာကြောင့် အဖမ်းခံရတဲ့ ကိုစည်သူဇေယျကိုတော့ မနေ့က မိသားစုနဲ့ ဝေးလံတဲ့ ဟင်္သာတ ထောင်ကို ပို့လိုက်ပါတယ်။ ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း သီပေါထောင်ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။

ဒီလ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ထပ်မံလွှတ်ပေးဖို့အတွက် နိုင်ငံတော်သမ္မတဆီကို အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ လိုအပ်ချက်အရ လွတ်ငြိမ်းခွင့် မပေးနိုင်ရင်လည်း မိသားစုနဲ့နီးရာ အကျဉ်းထောင်တွေကို ရွှေ့ပေးဖို့ အတွက်လည်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG