သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေးအရှိန်မြှင့်ဖို့ ဗြိတိန်ဝန်ကြီးတိုက်တွန်း


ပြုပြင်ရေးအရှိန်မြှင့်ဖို့ ဗြိတိန်ဝန်ကြီးတိုက်တွန်း
ပြုပြင်ရေးအရှိန်မြှင့်ဖို့ ဗြိတိန်ဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဒီထက် ပိုလုပ်သွားမယ်ဆိုရင် ဗြိတိန်အစိုးရအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်ရောတဲ့ တုံ့ပြန်မှုတွေကို လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာလာသွားတဲ့ ဗြိတိန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနဝန်ကြီး Andrew Mitchell ကပြောလိုက်ပါတယ်။ သမ္မတ၊ ဒုတိယသမ္မတအပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ဗြိတိန်အစိုးရရဲ့ သတင်းစကားကိုလဲ ပါးခဲ့တယ်လို့ Mr. Mitchell က မြန်မာနိုင်ငံက မပြန်ခင် လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

ဗြိတိန်နိုင်ငံက မြန်မာပြည်သူတွေအတွက်ပေးနေတဲ့ ထောက်ပံ့ရေး အစီအစဉ်တွေကို ပြန်လည် သုံးသပ်ဖို့၊ အစိုးရသစ် ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်လေ့လာဖို့ ဗြိတိန်က အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး Andrew Mitchell မြန်မာနိုင်ငံကိုလာခဲ့တာဖြစ်ပါတယ်၊ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ဟာ အင်မတန် စွဲမက်စရာ ခရီးစဉ်တခုဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ရလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်နေပြီဆိုတာကို ဗြိတိန်အစိုးရက မြင်တယ်လို့လည်း ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတံခါးပေါက်တွေ ပွင့်နေပြီလို့လည်း မြင်တဲ့ အကြောင်း သတင်းစာရှင်လင်းပွဲမှာ ပြောကြားသွားခဲ့တာကို ရန်ကုန်ဗြိတိန်သံရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ခုလိုပြန်ပြီးတော့ ပြောပြပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်မဲ့တံခါးတွေ မြန်မာပြည်မှာ ပွင့်နေပြီလို့ သူ့အနေနဲ့ ခံစားရတယ်။ တကယ်လို့ မြန်မာနိုင်ငံက အဲဒီတံခါးပေါက်တွေကို ဖြတ်ကျော် သွားနိင်ပြီဆိုရင် ဗြိတိန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်ရော လှိုက်လှဲပွင့်လင်းတဲ့ တုံ့ပြန်မှုတွေကို တဆင့်ခြင်းတိုးပြီး လုပ်သွားမယ်လို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဝန်ကြီးက ပြောခဲ့တဲ့အကြောင်း ဗြိတိန်သံရုံးပြောခွင့်ရသူက ပြန်ပြောပြတာ ဖြစ်ပါတယ်။ ထောက်ကြံ့စစ်သချိုင်းမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာဝန်ကြီး Mitchell က သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးတော့ လုပ်သွားဖို့လိုအပ်တယ်ဆိုတဲ့ ဗြိတိန် အစိုးရရဲ့ သတင်းစကားကို အစိုးရခေါင်းဆောင်တွေကို ပါးခဲ့ပါတယ်တဲ့။ နောက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုတဲ့အကြောင်း၊ အထူးသဖြင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလွှတ်ပေးဖို့လိုတဲ့အကြောင်း နံမည်တပ်ပြီး တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အင်မတန်မှ စိုးရိမ်တယ်ဆိုတာကိုလဲ ဗြိတိန်ဝန်ကြီးက အစိုးရခေါင်းဆောင်တွေကို အသိပေးခဲ့ပါတယ် ဆိုတာကို ဒီကနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဌာန ဝန်ကြီးက Andrew Mitchell က အသိပေးခဲ့ပါတယ်။

သူရဲ့ ၃ ရက်ကြာတဲ့ ခရီးစဉ်အတွင်း ဝန်ကြီး Mitchell ဟာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပေမဲ့ မြန်မာအစိုးရသတင်းစာတွေထဲမှာတော့ သမ္မတနဲ့တွေ့ဆုံမှုကို ဖေါ်ခြင်းမရှိဘဲ ဒုသမ္မတနဲ့ တွေ့ဆုံတာကိုပဲ အသားပေးဖော်ပြခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံကို လာရတာဟာ မြန်မာပြည်သူတွေအပေါ် ဗြိတိန်အစိုးရပေးထားတဲ့ ကတိအာမခံချက်တွေ ပြောင်းသွားခြင်း မရှိဘူးဆိုတာကို ပြသချင်လို့ ဖြစ်တယ်ဆိုတာကိုလည်း ဝန်ကြီး Mitchell က အသားပေး ပြောသွားပါတယ်။

မြန်မာနိင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်က ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ စတာလင်ပေါင် ၁၈၅ သန်း ထောက်ပံ့ကြေးပေးသွားမယ်လို့ ဗြိတိန်နိုင်ငံက ဒီနှစ်ဆန်းပိုင်းကပဲ ကြေညာခဲ့တာပါ။ ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ Mr. Mitchell ဟာ အမျုးိသား ဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ အမေ့အိမ် စာသင်ကျောင်းကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်လို ဖွံ့ဖြိုးမှု အကူအညီတွေ လိုအပ်နေသလဲဆိုတာ ဗြိတိန်ဝန်ကြီး သိရအောင် ဒီကျောင်းကို ပြသရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီကနေ့မှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အပြင် ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး တတိယအများဆုံးရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီအပြင် တိုင်းရင်းသားပါတီ ၅ ခုနဲ့လည်း ဗြိတိန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး Andrew Mitchell တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုတွေအတွင်းမှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး၊ အမျိူးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ဗြိတိန် အစိုးရအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့တယ်လို့ ရန်ကုန်ဗြိတိန်သရုံးတာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒီနေ့ ကြာသပတေးနေ့ညနေ ထောက်ကြံ့စစ်င်္သချိုင်းမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ သူဟာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပါပြီ။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယခရီးစဉ်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာခဲ့တဲ့ ခရီးစဉ်နဲ့စာလို့ရှိရင် မြန်မာနိုင်ငံပေါ်မှာမြင်တဲ့ သူ့ရဲ့အမြင်တွေ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး အင်ဒရူးမစ်ချယ်လ်က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG