သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်မှာ စစ်ရေးနည်းနဲ့ဖိအားပေးလို့ အဖြေမရနိုင်


ქართული კულტურის ფესტივალი
ქართული კულტურის ფესტივალი

မြန်မာအစိုးရအနေနဲ့ စစ်ရေးနည်းအရ ကချင်လက်နှက်ကိုင်အဖွဲ့တွေကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတယ်ဆိုရင် မှားလိမ့်မယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိပ်တန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ စစ်တပ်တွေကြား ဒီရက်ပိုင်းတွေအတွင်း အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ ပိုများလာနေသလို ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် အရေအတွက်တွေလည်း ပိုတိုးလာနေပါတယ်။

အဲဒီ တိုက်ပွဲ အခြေအနေတွေနဲ့ KIA နဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာကို ဆယ်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ ကချင် KIA အဖွဲနဲ့ မြန်မာအစိုးရစစ်တပ်တွေကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတာ တိုက်ပွဲအရေအတွက်တွေ ပိုများလာနေတာဟာ မြန်မာအစိုးရက အပစ်အခတ် ရပ်စဲရေး ကိစ္စကို စစ်ရေးနဲ့ ဖိအားပေးနေတာ ဖြစ်တယ်လို့ ကချင် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုုပ် ဂွမ်မော်ကပြောပါတယ်။

၂ ဘက်အကြား မအောင်မမြင်ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို အခုလို စစ်ရေးနည်းပုံစံနဲ့ ဖိအားပေးမယ်ဆိုရင်တော့ ကချင်လက်နှက်ကိုင်အဖွဲ့တွေက အလျှော့ပေးမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးချုုပ် ဂွမ်မော်ကပြောပါတယ်။

“KIA တပ်ကို ရင်ဆိုင်ပြီးမှ စစ်ရေးနည်းအရ ဖိအားပေးပြီးမှပဲ KIA က၊ KIO က စကားပြောမယ်လို့ တွက်လို့ရှိရင် ဒီအယူအဆမှားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လိုချင်တာက နိုင်ငံရေးအရ ဆွေးနွေးတာပဲ ဖြစ်တယ်။ ဒီလို စစ်တပ်နဲ့ ဖိအားပေးပြီးတော့ စကားပြော လာလိမ့်မယ်လို့ စဉ်စားလို့ရှိရင်တော့ ဒါဟာမှားယွင်းတဲ့ အယူအဆလို့ ဒီလိုပဲ ပြောချင်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ရော မြန်မာ့ တပ်မတော်အနေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို တိုင်းရင်းသား အဖွဲ့အစည်းတရပ်အနေနဲ့ အသိအမှတ်မပြုဘဲ သောင်းကျန်းနေတဲ့ သူတွေလို့ အသိအမှတ်ပြုနေတဲ့ သဘောလို့ ဦးစွာပြောရမယ်။ နောက်တခုကတော့ နိုင်ငံရေးကြောင့် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ဆန္ဒ အခုချိန်ထိ မချရသေးဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်လို့ပဲ ဒီလိုပဲ မြင်ပါတယ်”

ကချင်ပြည်နယ်ထဲက KIA ဌာနချုပ်စခန်းကိုသွားမယ့် မြစ်ကြီးနား၊ ဗန်းမော်လမ်းကြောတလျှောက်နဲ့ တပ်မဟာ (၃) ရှိရာ ဗန်းမော်ကနေ တရုတ်ပြည်ဘက်ကို ထွက်မယ့် လမ်းကြောတွေမှာ ဒီရက်ပိုင်းတွေ အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရ စစ်တပ်တွေကြား ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဗိုလ်မှူးချုုပ် ဂွမ်မော်ကပြောပါတယ်။

“အပြင်းအထန်ဖြစ်တာတော့ လိုင်ဇာနဲ့မြစ်ကြီးနားသွားတဲ့ လမ်းကြောင်းပေါ်မှာ တနေရာ ၊ နောက် တပ်မဟာ (၃) နဲ့ ဗန်းမော်၊ စိန်လုံလို့ခေါ်တဲ့ တရုတ်ပြည်ဘက်ကို သွားတဲ့ကားလမ်းတလမ်းရှိပါတယ်။ အဲဒီအပေါ်မှာ တနေရာ၊ အပြင်းထန်ဆုံးက အဲဒီ၂ နေရာတွေ ဖြစ်ပါတယ်။ အခုကတော့ ကျနော်တို့ အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတာပါ။ KIA တပ်ကလည်း ကချင်ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျနော်တို့ တပ်မဟာ (၄) ဒေသတခုလုံးမှာ ရှိတဲ့အခါကျတော့ ဝိုင်းနေတယ်လို့တော့ ပြောလို့မရပါဘူး၊ အနီးကပ်တိုက်ပွဲတွေကတော့ အမြဲတမ်းဖြစ်နေလျက်ပါပဲ”

အခုနိုဝင်ဘာလဆန်းပိုင်းမှာကိုပဲ မြန်မာအစိုးရစစ်တပ်က သူတို့ရဲ့စစ်အင်အားတွေကို ပိုပြီး တိုးချဲ့ချထားတာတွေ လုပ်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေတယ်လို့ ရှင်းပြပါတယ်။

“နိုဝင်ဘာထဲမှာ အင်အားတွေတိုးလာတာက ပိုအဓိက ကျပါတယ်။ ကျနော်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ပေါ့နော်၊ ရမခ နဲ့ မပခမှာ ကျနော်တို့ KIA က ရင်ဆိုင်တိုက်ပွဲ ဖြစ်နေချိန်မှာပဲ နောက်ထပ် ပဲခူးဘက်ကနေ တပ်မ (၂) ခု ထပ်ပြီး တက်လာပါတယ်”

ဒါကတော့ ကချင် KIA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ပါရှင်။ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ လက်မခံတဲ့ ကချင် KIO နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ၊ ဒီတိုက်ပွဲတွေအတွက် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရဖို့ နှစ်ဖက်ညှိနှိုင်းမှုတွေ လုပ်နေပေမယ့် မအောင်မြင်သေးဘဲ တိုက်ပွဲတွေဖြစ်နေတာပါ။ ၆ လနီးပါး ကြာရှိနေပြီဖြစ်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံ ကချင်တိုင်းရင်းသားတွေဟာလည်း တိုက်ပွဲတွေရဲ့ လွတ်ရာကို ထွက်ပြေးနေရပြီးတော့ ဒီတိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည်အရေအတွက်ဟာလည်း ၂၀,၀၀၀ မက ရှိနေပြီလို့ ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG