သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေး ထိပ်သီးများ အတည်ပြု


မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေး ထိပ်သီးများ အတည်ပြု
မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေး ထိပ်သီးများ အတည်ပြု

အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးအပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်လိုက်ကြပါပြီ။ ဒါပေမယ့်လည်း ဒီတာဝန်ပေးအပ်ရတဲ့ တိုင်းပြည်တခုအနေနဲ့ နိုင်ငံရေးအရတိုးတက်မှုလိုမျိုး တာဝန်ယူမှုတွေလည်း ရှိရမှာဖြစ်တယ်လို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သတိပေးလိုက်ပါတယ်။ ဒီတော့ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဗွီအိုအေ မြန်မာပိုင်းက ဒေါ်ခင်စိုးဝင်းက ရောက်နေတာမို့လို့ အပြည့်အစုံ အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကရော၊ မြန်မာပြည်တွင်းကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေး ကိစ္စ ဒီကနေ့ အောင်စာရင်းထွက်တဲ့နေ့လို့ ပြောရမှာပါ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက အာဆီယံခေါင်းဆောင်တွေက ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ အခုလို အတည်ပြုပြောဆိုလိုက်ပါတယ်။

အာဆီယံခေါင်းဆောင်တွေက သူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ထောက်ခံအကြံပြုချက်တွေကို လက်ခံရရှိပြီးတော့ တညီတညွတ်တည်း အလေးအနက်စဉ်းစားပြီးတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ပေးရေး တရားဝန်ဆုံးဖြတ် အတည်ပြုပေး လိုက်တာ ဆိုတာကို ကျနော်ပြောပြနိုင်ပါတယ်- လို့ ပြောပြသွားတာပါ။

ဆက်လက်ပြီးတော့ ဒီကနေ့ကျင်းပတဲ့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေနဲ့ နှစ်ပတ်လည်ညီလာခံမှာ ဒီကိစ္စကိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလို အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ ဆိုတဲ့နေရာမှာ ဝတ္တရားကျေကျေပွန်ပွန်နဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်နိုင်ဖို့ကလည်း အရေးကြီးတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက အခုလို ပြောပါသေးတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ နောက်ထပ်တာဝန်တခု တိုးလာနေပါပြီ။ အာဆီယံရည်မှန်းချက်တခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံမိသားစု၊ လူမှုအသိုင်းအဝိုင်းကို စုစည်းထူထောင်နိုင်ဖို့အတွက် ဦးဆောင်ဦးရွက် လမ်းပြရမှာဖြစ်လို့ပါပဲ-တဲ့။ အခု အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ တရားဝင်လည်းဖြစ်သွားပြီ၊ ဒီလိုဖြစ်လာဖို့အတွက် ကျနော်တို့အားလုံး စောင့်စားခဲ့ကြသလို အာဆီယံဥက္ကဋ္ဌတာဝန်ကို ဘယ်လိုကျေပွန်အောင် ထမ်းဆောင်သွားမှာလဲဆိုတာကို စောင့်ကြည့်သွားကြမှာပါလို့ - ပြောဆိုသွားတာပါ။

အဲဒီအစည်းအဝေးအပြီးမှာ သမ္မတရဲ့နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကနေပြီးတော့ သမ္မတဦးသိန်းစိန်ကလည်း အာဆီယံဥက္ကဋ္ဌဖြစ်လို့ ဂုဏ်ယူရတာထက် တာဝန်တွေပိုပြီး ကြီးလေးလာတယ်လို့ မှတ်ချက်ချ ပြောဆိုတာကို ဖောက်သည်ပြန်ချပါတယ်။ အာဆီယံဥက္ကဋ္ဌဆိုတဲ့ တာဝန်ယူထားရမယ့် မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုပြီး ဝင်ဆန့်အောင် ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးလုပ်ပြဖို့လိုတယ်လို့လည်း အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြတယ်လို့ ဦးကိုကိုလှိုင်က ပြောပြပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေတိုးတက်ဖို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်ထွန်းအောင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးတာ ခံနေရတဲ့အချိန်မှာ မနက်ဖြန် နိုင်ငံရေးအကျဉ်းသား ၁၂၀ ထပ်လွှတ်ပေးမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ သမ္မတရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးစစ်အေးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ အကြံပေးတဲ့ပုဂ္ဂိုလ်တွေပါ။ ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး”

အဲဒီတော့ အကြံရောပေးပါလားရှင့်။

“မဟုတ်ဘူး။ ဒီဟာနဲ့ပတ်သက်တာက သွားတဲ့ process ကတော့ ဒီဘက်က လွှတ်တော်က အပိုင်းရယ်၊ နောက်တခါ နိုင်ငံတော်လုံခြုံရေးကောင်စီ အပိုင်းရယ်၊ ပြီးတော့မှ သမ္မတကြီးအပိုင်းရယ်၊ ဒီလိုကဏ္ဍတွေရှိပါတယ်”

သမ္မတအကြံပေးအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နဲ့ ဦးစစ်အေးတို့ဟာ သမ္မတဦးသိန်းစိန်နဲ့ အတူ ဒီ ထိပ်သီးညီလာခံကို လာပြီးတက်ရောက်နေကြတာပါ။

အာဆီယံဥက္ကဋ္ဌတာဝန်ယူလာရတဲ့အချိန်နဲ့ အာဆီယံလူ့ဘောင် မိသားစုအသိုင်းအဝိုင်း စုစည်းထူထောင်ဖို့ ဦးဆောင်ဦးရွက်ပြုရမယ့် အချိန်တွေ တိုက်ဆိုင်နေတာကြောင့် အာဆီယံမိသားစုကြီးရဲ့ ယုံကြည်ကိုးစားမှုရှိလာအောင်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြစ်တင်တာတွေ မခံရအောင် ကြီးလေးတဲ့တာဝန်တွေကို မြန်မာအစိုးရက ထမ်းဆောင်ရတော့မှာဖြစ်တယ်လို့လည်း အများက အကဲခတ် သုံးသပ်နေကြပါတယ်။

XS
SM
MD
LG