သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု CSW လွှတ်တော်မှာ ထွက်ဆို


မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု CSW လွှတ်တော်မှာ ထွက်ဆို
မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု CSW လွှတ်တော်မှာ ထွက်ဆို

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်တွင်းက ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို ခုတ်လှဲဖျက်ဆီးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ထိုးပြီးတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို တိုင်ကြားနေချိန်မှာပဲ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ရဲ့နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ကြားနာပွဲမှာ မြန်မာနိုင်ငံကို ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုကြောင့် စီပီစီလို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်နိုင်ငံစာရင်းမှာ CSW လူ့အခွင့်အရေး အဖွဲ့ကြီးက ထွက်ဆိုခဲ့ပါတယ်။ ဒေါ်ခင်မျိုးသက်ကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်သံဃာ့အရေးအခင်းက ဦးဆောင်သံဃာတပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ အပါအဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဆက်ပြီးအကျဉ်းချထားတဲ့အပြင် မွတ်စလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေကို ဆက်လက်ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ကြာသာပတေးနေ့ အမေရိကန် အောက် လွှတ်တော် နိုင်ငံခြားရေးရာ အာဖရိက ကမ္ဘာ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ ကြားနာပွဲမှာ CSW ခရစ်ယာန်လူ့အခွင့်အရေးအဖွဲ့ တာဝန်ခံ Benedict Roger က ထွက်ဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ထင်ရှားတဲ့ အရှင်ဂမ္ဘီရအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများအပြား အခုထိ အကျဉ်းချခံနေကြရပါတယ်။ ဒါ့အပြင် မွတ်စလင်၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကလည်း အခုထိမပြောင်းလဲသေးပါဘူး။ နောက် ကချင်ပြည်နယ်က ခရစ်ယာန် ဘာသာဝင်တွေ အများအပြားရှိတဲ့ ဒေသတခုဖြစ်ပြီး အဲဒီနေရာကို ကျနော် ခဏခဏရောက်ခဲ့ပါတယ်။

အဲဒီမှာ မြန်မာစစ်တပ်က ထိုးစစ်အသစ်ဆင်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေအပြင် ဘာသာရေးလွပ်လပ်ခွင့်မရဘဲ ကန့်သတ် ပိတ်ပင်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာတွေ တွေ့ရပါတယ်”

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာ ကချင်၊ ကရင်နဲ့ချင်းပြည်နယ်တွေမှာ တိုင်းရင်းသား ဒေသခံတွေဟာ စစ်တပ်နဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ခံနေရချိန်မှာပဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မုံးချောင်းတံတားမှာ စိုက်ထူထားတဲ့ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို ခုတ်လှဲဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေမကျေနပ်တဲ့အတွက် စုံစမ်းဖြေရှင်းပေးဖို့ ချင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး နိုဝင်ဘာ ဒုတိယပတ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုင်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

ခရစ်ယာန်အပါအဝင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေပါ ဘာသာရေးဖိနှိပ်မှု အများအပြားကို ခံနေရတာမို့ အမေရိကန် အစိုးရဘက်က ဆက်လက်ပြီး ဖိအားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ဆိုပေမဲ့ မြန်မာအစိုးရက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်ပြီး ဖမ်းဆီးထောင်ချ ထားမယ်၊ တိုင်းရင်းသားလူမျိုးစုတွေကို ဆက်ပြီးတော့ တိုက်ခိုက်နေမယ်၊ ဘာသာရေး ဖိနှိပ် ချိုးနှိမ်မှုတွေ လုပ်နေမယ်ဆိုရင် မြန်မာအာဏာရှင်တွေကို အမေရိကန်အစိုးရက ဆက်ပြီးတော့ ဖိအားပေးဖို့ လိုသလို CPC နိုင်ငံအဖြစ် ဆက်ပြီးသတ်မှတ်ပေးဖို့ လိုပါတယ်”

အမေရိကန်အစိုးရရဲ့ ၁၃ ကြိမ်မြောက် ဘာသာရေးလွပ်လပ်ခွင့် အစီရင်ခံစာကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ ပြီး ဒီအထဲမှာ မြန်မာ၊ တရုတ်၊ အီရန်၊ မြောက်ကိုးရီးယား အပြင် ဆူဒန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကိုပါ CPC လို့ခေါ်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG