မြန်မာအလှည့်ကျဥက္ကဋ္ဌဖြစ်ဖို့ အာဆီယံအဖွဲ့ဆုံးဖြတ်မှုက နိုင်ငံရေးအရသာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိဆဲဖြစ်လို့ အပြုသဘောဆောင်တိုးတက်မှုတွေ မျှော်လင့်ကြောင်း ကင်တားနားက ပြောပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးပေးဖို့အတွက် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်လိုက်တာဟာ နိုင်ငံရေးအရသာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတုန်းပဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောလိုက် ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ ဒီဆုံးဖြတ်ချက်က အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ အတွက် မျှော်လင့်တယ်လို့ သူက ပြောပါတယ်။ ဒီ အကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အခုလက်ရှိကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးအတွင်းမှာ မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ်ကျရင် အဖွဲ့ရဲ့ ဥက္ကဋ္ဌရာထူးပေးဖို့အတွက် ထောက်ခံလိုက်တာဟာ နိုင်ငံရေးအရ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မစ္စတာတိုမတ်စ်အိုဟေး ကင်တားနားက ပြောလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌရာထူးပေးဖို့အတွက် အဲဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေက တိုးတက်မှုရှိလာမလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ တိုးတက် ပြောင်းလဲမှုတွေကို တွေ့နေရပေမယ့်လည်း ပြဿနာက အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီးရှိနေသေးသလို ကလေးစစ်သားစုဆောင်းတာတွေ၊ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေအပါအ၀င် အရေးပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတုန်းပဲဖြစ်ကြောင်း မြန်မာနိုင်ငံမှာ အမှန်တကယ်ပြောင်းလဲမှုတွေကို လူ့အခွင့်အရေး ရှု့ထောင့်ကပဲ ကြည့်သွားမှာဖြစ်တယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌအဖြစ်ပေးဖို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့အတွက် သူ့အနေနဲ့ မျှော်လင့်ပါတယ်” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာပါ။
အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်းမှာ ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် အာဆီယံအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းသင့်ကြောင်း၊ အာဆီယံ လူ့အခွင့်အရေးအဖွဲ့အနေနဲ့လည်း သူတို့လုပ်ဆောင်စရာရှိတဲ့ တာဝန်တွေကို ပြည်မှီအောင်လုပ်ဆောင်သင့်တယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။
အာဆီယံအဖွဲ့အတွင်းမှာလည်း လူ့အခွင့်အရေးအဖွဲ့ဆိုတာဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီအဖွဲ့ဟာ သူတို့လုပ်ဆောင်ရမယ့် တာဝန်တွေကို ပြည့်မှီအောင်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ အထူးသဖြင့်မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လေးစားလိုက်နာမှုမရှိဘူးဆိုပြီး နာမည်ဆိုးနဲ့ လူသိများနေဆဲဖြစ်သလို ၊ အာဆီယံအတွက်လည်း ဒါဟာ ပြဿနာတရပ်ဖြစ်နေဆဲပါ- လို့ မစ္စတာ ကင်တားနားက ပြောသွားတာပါ။
မကြာသေးခင်က မြန်မာအစိုးရက အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့်သာ ပါဝင်ခဲ့တာကြောင့် ကျန်ရှိတဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် မြန်မာအစိုးရဟာ ပြည်တွင်းပြည်ပ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကလည်း ကျန်ရှိနေတဲ့ အကျဉ်းသားတွေလွှတ်ပေးဖို့အတွက် သမ္မတဦးသိန်းစိန်ကို တောင်းဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်လို့လည်း အများက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခြင်း မရှိသေးတဲ့အပေါ်မှာတော့ မစ္စတာ ကင်တားနားက
အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌရာထူးကို ရအောင် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို ဓါးစာခံအဖြစ်နဲ့ အသုံးမပြုသင့်ပါဘူး။ သူတို့ဟာ လူသားတွေပဲဖြစ်တဲ့အတွက် သူတို့ဟာ ဓားစာခံတွေမဖြစ်သင့်ပါဘူး။ သူတို့ဟာ ပြန်ပြီးလွတ်လာဖို့အတွက် သူတို့မှာ အခွင့်အရေး ရှိပါတယ်။ ကျနော်ရဲ့ အမြင်မှာရော၊ ကုလသမဂ္ဂရဲ့ အမြင်မှာရော ဒါတွေအားလုံဟာ ဥပဒေပြင်ပကနေ ဖမ်းဆီးအရေးယူထားဖြစ်တယ် - လို့ မစ္စတာကင်တားနားက ပြောသွားတာပါ။
နိုင်ငံရေးအကျဉ်းသားတွေကိုအကျဉ်းထောင်တွေအတွင်းမှာ ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး သူအပါဝင် အားလုံးက စိတ်ပျက်မိတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာအစိုးရက အကျဉ်းထောင်တေအတွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုချိန်ထပ်လွှတ်ပေးခြင်း မရှိသေးပေမယ့်လည်း မိသားစုနဲ့ နီးတဲ့အကျဉ်းထောင်တွေကို ရွှေ့ပြောင်းတာတွေကို မကြာသေးခင် ရက်ပိုင်းတွေအတွင်းမှာ လုပ်တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒီအထဲမှာ သံဃာလှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်ဦး စတာတွေ ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပပျောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာဖို့အတွက် ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ ကင်တာနားက ပြောသွားပါတယ်ခင်ဗျာ။