သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တပတ်အတွင်း ပါတီမှတ်ပုံတင်မည်


NLD တပတ်အတွင်း ပါတီမှတ်ပုံတင်မည်
NLD တပတ်အတွင်း ပါတီမှတ်ပုံတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရဖို့ ဒီသီတင်းပတ်ထဲမှာ အာဏာပိုင်တွေထံ လျှောက်ထားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရသစ်လက်ထက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ထဲက လစ်လပ်သွားတဲ့နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြန်ပြီးတော့ကျင်းပမယ့် အချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ကို ရည်ရွယ်ပြီး NLD က မှတ်ပုံတင် တော့မှာပါ။ အပြည့်အစုံကိုတော့ NLD တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

NLD ပါတီက လာမယ့်သောကြာနေ့ နောက်ဆုံးထားပြီး ပါတီတည်ထောင်ခွင့်ပြုဖို့ တနည်းအားဖြင့် ပါတီကို မှတ်ပုံတင်ခွင့်ပြုဖို့ သွားရောက် လျှောက်ထားမှာဖြစ်ပါတယ်။ ဒီအတွက် NLD တာဝန်ရှိသူတွေ ဒီကနေ့မှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ပြောပါတယ်။

ပါတီမှတ်ပုံတင်တဲ့နေရာမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဆိုတဲ့ အမည်နဲ့သာ ပြန်လည် မှတ်ပုံတင်သွားမှာ ဖြစ်တယ်လို့လည်း NLD က ပြောပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ပါတီတည်ထောင်ခွင့် လျှောက်တဲ့အခါ အနည်းဆုံး ၁၅ ယောက်နာမည်ကို တင်သွင်းရတာ ဖြစ်တဲ့အတွက် NLD ဘက်က ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ရာမှာတော့ လူငယ်တွေ၊ အမျိုးသမီးတွေကို ဦးစားပေး ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဒုဥက္ကဋ္ဌ ဦးတင်ဦး ကပြောပါတယ်။

“ကျနော်တို့ သောကြာနေ့လောက်တော့ သွားပြီး တင်နိုင်အောင် ကြိုးစားမှာပါခင်ဗျ။ မူကတော့ ကျနော်တို့ အားလုံး သွားပြီးတင်တယ်ဆိုတဲ့နေရာမှာ မျှတသွားအောင်ဆိုပြီး အသက်အရွယ်ကြီးတဲ့သူတွေကတော့ အောင်နိုင်ရေးသဘောမျိုးနဲ့ နေလိုက်ပြီးတော့ကာ လူငယ်တွေလည်းပါအောင်၊ အမျိုးသမီးတွေလည်း ပါအောင်၊ တိုင်းရင်းသားတွေလည်း စည်းလုံးညီညွတ်မှုတွေပါအောင် ဒီလိုမျိုးလေး မျှမျှတတ ထည့်ထားတဲ့ သဘောပါပဲခင်ဗျ။ လုပ်နိုင်ကိုင်နိုင်မယ့် သဘောသဘာဝ၊ အဲဒါလေးကို ကြည့်ပြီးတော့ ရွေးကြ ချယ်ကြတဲ့ဟာ၊ အဲဒီဟာလေး စာရင်းပေါက်တာကို သွားပြီးတင်ကြမယ့် သဘောပဲခင်ဗျ။ ကျနော်တို့ အမှုဆောင်အဖွဲ့အနေနဲ့ တင်တယ်၊ ပို့တယ်ဆိုတဲ့ သဘော မဟုတ်ပါဘူးခင်ဗျ”

NLD အနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပါတီအသစ်တခုအနေနဲ့ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ NLD ပါတီဟာ - ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် - မနှစ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရမယ်ဆိုတာကို ငြင်းဆန်ခဲ့ တာပါ။ ဒါကြောင့် အစိုးရကနေ NLD အပါအဝင် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ တော်တော်များများကို တရားဝင်နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက် တချို့ကို အစိုးရက ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၄ ရက်နေ့မှာပဲ သမ္မတ ဦးသိန်းစိန်က အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ မှတ်ပုံတင်ပြီးရင်တော့ - ဒီနှစ်မကုန်ခင် ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပြီး - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဝင်ရောက်ရွေးချယ်ခံဖို့ရှိတယ် - ဒီကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့နေရာမှန်သမျှကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ NLD က ပြောပါတယ်။ လောလောဆယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက် မထုတ်ပြန်သေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဘယ်မှာ ဝင်ပြိုင်မယ် ဘယ်နှစ်နေရာအတွက် NLD က ဝင်ပြိုင်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးဘူးလို့လည်း NLD က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၂ နေရာ လစ်လပ်နေတာ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက ထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပေမယ်လို့ အာဏာသိမ်း စစ်အစိုးရက ဒီ ၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့တာဖြစ်ပါတယ်။

တခါ အခုလို NLD ကနေ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်မယ့်ဆုံးဖြတ်ချက်အပေါ် - ကြိုဆိုကြောင်း -၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၁၀ ခုနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများအဖွဲ့ကလည်း ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG