သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မြန်မာ ဒုက္ခသည်အရေး စိုးရိမ်ရဆဲ


နယ်စပ်မြန်မာ ဒုက္ခသည်အရေး စိုးရိမ်ရဆဲ
နယ်စပ်မြန်မာ ဒုက္ခသည်အရေး စိုးရိမ်ရဆဲ

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ TBBC အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Jack Danford က ဗြိတိသျှပါလီမန်မှာ အင်္ဂါနေ့တုန်းက ပါတီပေါင်းစုံက မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်များအဖွဲ့ APPG အဖွဲ့ဝင်တွေကို မြန်မာဒုက္ခသည်များအရေး တင်ပြဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စဖြစ်နေပြီလို့ အများက မြင်နေကြပေမယ့် တိုင်းရင်းသားတွေနေထိုင်ရာ နယ်စပ်ဒေသက အခြေအနေကတော့ ပြောင်းလဲမှုမရှိဘဲ တဘက် ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေဟာ နေ့စဉ်လိုလို ထပ်ပြီးတော့ ရောက်လာနေတာမို့ ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးဖို့ကိုလည်း ဗြိတိသျှအစိုးရကို သူက တောင်းဆိုခဲ့ပါသေးတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် TBBC အဖွဲ့ဟာ မြန်မာဒုက္ခသည်တွေရဲ့အရေးကို ၁၉၈၄ ခုနှစ်က စတင်ပြီး ဆောင်ရွက်ခဲ့တဲ့အဖွဲ့ပါ။ အခုလို နှစ်ပေါင်း ၃၀ နီးပါး ကာလကြာရှည်လာခဲ့ပေမယ့် သူတို့ အကူအညီပေးနေရတဲ့ မြန်မာဒုက္ခသည်ကတော့ သိန်းနဲ့ချီပြီး ရှိနေဆဲပဲလို့ အဖွဲ့ရဲ့အမှုဆောင် ဒါရိုက်တာ ဂျက်၊ ဒဲန်းဖို့တ်က ပြောပါတယ်။

“အခုလောလောဆယ်မှာ ကျနော်တို့အဖွဲ့က ထိုင်း-မြန်မာနယ်စပ်ဒေသ တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲက မြန်မာဒုက္ခသည်ပေါင်း ၁ သိန်း၊ ၄ သောင်းကို အကူအညီပေးနေပါတယ်။ ဒါ့အပြင် နယ်စပ်ကိုဖြတ်ကျော်ပြီး ကူညီနေတဲ့ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းနေထိုင်ရတဲ့ IDP ဒုက္ခသည်တွေလည်း နောက်ထပ် ၁ သိန်းလောက် ရှိနေတာမို့ ကျနော်တို့အကူအညီပေးနေတဲ့ မြန်မာဒုက္ခသည် ၂ သိန်းခွဲလောက် ရှိနေတာပါ”

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလို့ လူတိုင်းက ပြောနေပေမယ့် ဒုက္ခသည်တွေ အိမ်ပြန်နိုင်လောက်အောင် တကယ်ပြောင်းလဲလာအောင် မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

“အခုအချိန်မှာတော့ နယ်စပ်ဒေသတဝိုက်မှာ ဘာမှ ပြောင်းလဲတာမျိုး မရှိသေးပါဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်။ ဒါ့ထက်ဆိုးတာက ဒုက္ခသည် အသစ်တွေ နေ့တိုင်းလိုလို ရောက်နေတာပါ။ ဒါက ဘာမှ မပြောင်းလဲသေးတာကို ပြနေတာပါ”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူးမစ်ချဲလ်က မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့အတွက် ပထမဆုံး စစ်မှန်တဲ့အပြောင်းအလဲတွေကို တွေ့ရဖို့လိုတယ်လို့ ပြောကြားခဲ့တာမို့ အခုလို ပြောင်းလဲမှု မရှိသေးတဲ့ အနေအထားမှာ ဗြိတိန်အစိုးရဘက်က မြန်မာဒုက္ခသည်တွေရဲ့ အနေအထားကို တကယ်အမှန် သိနိုင်ဖို့အပြင် ဘယ်လိုကူညီမှုတွေ ပေးနိုင်မယ်ဆိုတာကို အခုလို ပါလီမန်မှာ လာရောက်ပြီး တင်ပြရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အင်ဒရူးကတော့ သူတို့အစိုးရမူဝါဒ ပြောင်းဖို့ မလုပ်ခင်မှာ မြန်မာအစိုးရဘက်က အပြောင်းအလဲကို ပြဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတာအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းပစ်ဖို့လိုတယ်လို့ပါ သူက ပြောပါတယ်။ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒါတွေကို ကျနော်တို့ ထောက်ခံပါတယ်။ အခုအချိန်ဟာ နောင် ၃ နှစ်အတွင်း မူဝါဒချမှတ်ပြီး သူတို့ သုံးသပ်နေချိန် ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်က တကယ့်အပြောင်းအလဲ လုပ်လာဖို့ အခုလို စောင့်နေချိန်မျိုးမှာ မြန်မာဒုက္ခသည်တွေကို ပစ်မထားဖို့ ကျနော်တို့က အခုလို လာပြီးတော့ တင်ပြရတာပါ”

မြန်မာဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံနဲ့ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေဟာ နှစ်ပေါင်း ၂၇ နှစ်ကျော် ကြာလာခဲ့ပြီမို့ အကူအညီပေးမယ့်သူတွေရဲ့ စိတ်ဝင်စားမှု လျော့နည်းလာတာနဲ့ အမျှ ထောက်ပံ့မှုတွေလည်း နည်းပါးလာတာမို့ ဒီ ဒုက္ခသည်တွေကို TBBC အပါအဝင် NGO အဖွဲ့တွေရဲ့ အကူအညီပေးမှုတွေမှာ အခက်အခဲတွေ ကြုံတွေ့လာရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒုက္ခသည် တချို့ဟာ ဒုက္ခသည်စခန်းတွေအတွက် တားမြစ်ထားတဲ့ကြားက ပြင်ပမှာ ထွက် အလုပ်လုပ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရတာတွေ ရှိနေသလို သူတို့ရဲ့ နေမှု၊ ထိုင်မှု၊ စားသောက်ရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေမှာ နိုင်ငံတကာအဆင့်မီ အကူအညီပေးနိုင်တာမျိုး တနေ့တခြား လျော့ပါးလာတာမို့ ဗြိတိသျှအစိုးရက အကူအညီတွေပေးဖို့အတွက် တောင်းဆိုခဲ့တယ် လို့လည်း ပြောပါတယ်။

XS
SM
MD
LG