စီးပွားရေးဖွံ့ဖြိုးမှုဟာ အရှေ့အာရှမှာ ဆက်ပြီး ကြီးထွားလာနေဆဲဖြစ်ပေမယ့် ပြင်ပက ဝယ်လိုအား ကျဆင်းနေတဲ့အပေါ် အကျိုးသက်ရောက်မှုတွေ ဆက်ရှိနေအုံးမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်တဲ့ ၆ လပတ် အစီရင်ခံစာမှာ အရှေ့အာရှအတွင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးလာမှုဟာ ဒီနှစ်အတွင်း ၈.၂ % ရှိနေရာကနေ ၂၀၁၂ ခုနှစ်ကိုရောက်တဲ့အခါ ၇.၈ % အထိ ကျဆင်းသွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြလိုက်တာပါ။
အဲဒီအစီရင်ခံစာမှာ ဒေသတွင်းနောင်ရေး စီးပွား ဖွံ့ဖြိုးမှုဟာ ဥရောပနဲ့အမေရိကန်တို့က အကြွေး ပြဿနာတွေကြောင့် ထိခိုက်လာနိုင်တယ် ဆိုပေမယ့် အရံသိုမှီးထားတဲ့ နိုင်ငံခြားငွေကြေး ပမာဏကြီးကြီးမားမားရှိနေတာကြောင့် ကာကွယ် ထားပေးနိုင်မှာဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးလာနေမှုနဲ့ ကမ္ဘာကြီးရဲ့ မရေရာမှုတွေရဲ့ သက်ရောက်မှုတွေကြားမှာ ချိန်ခွင်လျှာညီအောင် ညှိဖို့ဟာ အာရှအတွက် အဓိကစိန်ခေါ်မှု ဖြစ်လာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောတာပါ။
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးပညာရှင် Bert Hofman ကလည်း တရုတ်ရဲ့ စီးပွားဖွံ့ဖြိုးမှုကလည်း နောက်နှစ်မှာ ၈ % သာသာလောက်အထိ ကျဆင်းပြီး အသင့်အတင့် နှေးကွေးသွားမယ်လို့ ယူဆရကြောင်း ပြောပါတယ်။