အီဂျစ်နိုင်ငံမှာ အစိုးရသစ်ဖွဲ့ပေးဖို့ လက်ရှိအုပ်ချုပ်နေတဲ့ အီဂျစ်စစ်ခေါင်းဆောင်တွေက သဘောတူလိုက်သလို ၂၀၁၂ ခုနှစ် ဂျူလိုင်လထဲမှာ အရပ်သားအစိုးရအဖွဲ့ကို အာဏာလွှဲပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံနဲ့ အီဂျစ်မှာဖြစ်ပွားနေတဲ့ ပြသာနာဆိုင်ရာ ဆွေးနွေးပွဲတွေအပြီးမှာ အင်္ဂါနေ့က အီဂျစ်စစ်ဦးစီးကောင်စီ အကြီးအကဲ မိုဟာမက်တန်ဒါဝီ ကခုလိုကြေညာခဲ့တာပါ။
အရပ်သားကက်ဘိနက်အဖွဲ့ဝန်ကြီးချုပ် အဆမ်ရှရစ်ရဲ့ နုတ်ထွက်လွှာကို သူလက်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အစိုးရသစ် ဖွဲ့ပြီးသည့် တိုင်အောင် လက်ရှိဝန်ကြီးအဖွဲ့က သူတို့တာဝန်တွေကို ဆက်ထမ်းဆောင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်လို့် လိုအပ်ရင် အာဏာကို ချက်ခြင်းလွှဲပေးနိုင်အောင် လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့အတွက် စစ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
ဝန်ကြီးအဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပေးဖို့နဲ့ ၂၀၁၂ ခုနှစ် ဂျူလိုင်လမတိုင်ခင် သမ္မတရွေးကောက်ပွဲ ကျင်းပပေးဖို့ပါ ကတိပေးခဲ့တယ်လို့လည်း မစ္စတာ တန်ဒါဝီက ပြောပါတယ်။ သူ့ကြေညာချက်ကို မကျေနပ်ကြတဲ့အတွက် ကိုင်ရိုမြို့က တာရီယာရင်ပြင်မှာ သောင်းနဲ့ ချီတဲ့လူတွေ စုဝေးပြီး ကန့်ကွက်ရှုတ်ချခဲ့ကြသလို စစ်အုပ်ချုပ်ရေး ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ တောင်းဆိုခဲ့ ကြပါတယ်။ တချို့က မစ္စတာတန်ဒါဝီနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေဟာ အလက်ဇန်းဒရီးယားအပါအဝင် တခြားမြို့ကြီးတွေကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဆန္ဒပြမှု အရှိန်တိုးလာခဲ့ပြီး ဒီဆန္ဒပြပွဲတွေအတွင်း သေဆုံးရသူ ၂၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဖေဖော်ဝါရီလ သမ္မတ မူဘာရက်နုတ်ထွက်သွားစေတဲ့ လူထုဆန္ဒပြပွဲတွေနောက်ပိုင်း အီဂျစ်မှာ အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။