သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး မြန်မာနဲ့မတူ


အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး မြန်မာနဲ့မတူ
အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး မြန်မာနဲ့မတူ

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးသစ်တရပ် တည်ဆောက်နိုင်နေပြီဖြစ် လို့ မြောက်ကိုရီးယားနဲ့လည်း ဒီလိုမျိုး ဆက်ဆံရေး စနိုင်တဲ့ အခြေအနေမှာရှိနေပြီလို့ မဆိုနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ကြေညာခဲ့တာပါ။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ အလားတူ သံတမန်ဆက်ဆံရေးမျိုး တည်ဆောက်ချင်ရင် ဘယ်လို ခြေလှမ်းတွေ ယူရမလဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်း (Wendy Sherman) က သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့အကြောင်းကို Jason Strother က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အပြည့်စုံ အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်နိုင်လောက်တဲ့ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ ခြေလှမ်းတချို့ လုံလုံလောက်လောက် လှမ်းလာနေပြီဖြစ်တယ်လို့ မစ္စ်ရှားမန်း က ပြောပါတယ်။ ဒီလိုဆိုတဲ့နေရာမှာ နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးတာ၊ သတင်းမီဒီယာ တင်းကျပ်မှုတချို့ လျှာ့ပေါ့ပေးလာတာအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာတာ စသဖြင့် ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒီလိုမျိုး အလားတူခြေလှမ်းတွေယူပြီးတော့ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်လိမ့်မယ်လို့ မျှော်လင့်နိုင်ပါသလား ဆိုပြီးတော့ မစ္စ် ရှားမန်းကို မေးမြန်းခဲ့ကြတာမှာ သူက မြောက်ကိုရီးယားအနေနဲ့ အခုထပ်ပိုပြီး အများကြီး လုပ်ပြရဦးမယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြောက်ကိုရီးယားကို ရောက်လာတာကိုမြင်ချင်တယ် ဆိုရင်တော့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေဆဲဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ လုပ်ဆောင်ရမယ့် ခြေလှမ်းတွေ အများရှိပါတယ်။ မြောက်ကိုရီးယားဘက်က လုပ်ပါ့မယ်လို့ ကတိပေးထားတဲ့ ကိစ္စရပ်တွေကို အကောင်အထည် ဖော်ခြင်းအားဖြင့် သူတို့အနေနဲ့ စလုပ်နိုင်ပါတယ်”

မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို အဆုံးသတ်ပေးမယ်၊ အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က အကူအညီ အထောက်အပံ့တွေနဲ့ သံတမန်ဆက်ဆံရေး ထားရှိသွားမယ်လို့ ၂၀၀၅ ခုနှစ်က သဘောတူခဲ့တာပါ။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ အမေရိကန်၊ ရုရှား၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေပါဝင်တဲ့ ၆ ပါတီဆွေးနွေးပွဲကနေ ၂၀၀၉ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။ သူ့အနေနဲ့ ယူရေနီယံ သန့်စင်မှုတွေ လုပ်နေတယ်လို့လည်း ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားက ဖွင့်ချပြောဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ အခု ဆွေးနွေးပွဲတွေ ပြန်စချင်တယ်လို့ မြောက်ကိုရီးယားဘက်က ပြန်လည် ပြောဆိုလာတာပါ။

မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲတွေ ပြန်စချင်ရင် ဘာတွေလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတွေက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်တယ်လို့ မစ္စ် Sherman က ပြောပါတယ်။ ရှေ့ဆက်သွားဖို့အတွက်ကတော့ မြောက်ကိုရီးယားရဲ့သဘောပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ယူရေနီယံသန့်စင်မှု အစီအစဉ် ရပ်ဆိုင်းတာ အပါအဝင် သူတို့လုပ်ပါ့မယ်လို့ ကတိပေးထားတဲ့ ကိစ္စတွေကို မြောက် ကိုရီးယားက ခုထိ မလုပ်သေးပါဘူး။ ၂၀၀၅ ခုနှစ် သဘောတူညီချက်ပါ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်လာတဲ့ အချိန်ထိ ကျမတို့ စောင့်ကြည့်ရမှာပါ။ ပြီးတော့ ခြောက်ပါတီဆွေးနွေးပွဲ ပြန်စနိုင်အောင် သူတို့ဘက်က ဘာတွေ ဆောင်ရွက်လာမလဲ ဆိုတာကိုလည်း ကြည့်ရပါဦးမယ်”

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေကို အဆုံးသတ်ဖို့ တကယ်ပဲ ဆန္ဒရှိတယ် ဆိုတာကို ပြနိုင်ရင် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သွားရောက်တဲ့ခရီးစဉ်မျိုး အပါအဝင် တခြား ဘယ်ကိစ္စမျိုးမဆို ဖြစ်နိုင်ပါတယ်လို့ မစ္စ် Sherman က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ အများကြီး လိုနေသေးတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG