သုံးရလွယ်ကူစေသည့် Link များ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူမှုအပေါ်အမြင် အမျိုးမျိုး


A woman prepares for the 41st Coming of Age Day ceremony, known traditionally in South Korea as Gwan-Rye, in Seoul, May 20, 2013. The ceremony was held to recognize boys and girls at the age of 20, who have been living under the protection of their families, as independent individuals.
A woman prepares for the 41st Coming of Age Day ceremony, known traditionally in South Korea as Gwan-Rye, in Seoul, May 20, 2013. The ceremony was held to recognize boys and girls at the age of 20, who have been living under the protection of their families, as independent individuals.

ဖိနှိပ်တဲ့စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ ကာလတာရှည် နာမည်ပျက်နေခဲ့တဲ့မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့အမြင်တွေ ပြန်ကောင်းလာစေဖို့ မြန်မာအစိုးရသစ်ကကြိုးပမ်းနေတဲ့အချိန်မှာ စစ်အစိုးရကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှာနေ နေခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မနေ့က ကြာသာပတေးနေ့မှာတော့ မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပထဆုံးအချိန်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည်ရဲ့နောက်မှာ အငြိမ်းစားလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထူးခြားမှုတွေရှိခဲ့သလဲဆိုတာကို ဝါရှင်တန်ကနေ သတင်းထောက် William Ide က သတင်းပေးပို့ထားတာကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

သမ္မတအစိုးရသစ် ဦးသိန်းစိန် မတက်လာမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာအစိုးရပိုင် သတင်း မီဒီယာတွေမှာ ထိပ်တန်းက အမြဲပါဝင်နေပြီး နိုင်ငံရေးစနစ်မှာ သူ့ရဲ့အာဏာလွှမ်းမိုးမှုကို မလွတ်တမ်း မီးမောင်းထိုးပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရသစ် တက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နာမည်ဟာ သတင်းမီဒီယာတွေမှာ ပျောက်ခြင်းမလှ ပျောက်ခဲ့ပြီး ကြာသာပတေးနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့၊ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသတင်းကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

အရှေ့မျက်နှာဖုံးမှာမဟုတ်ဘဲ အတွင်းပိုင်းမှာ ဖော်ပြထားတဲ့သတင်းကတော့ ကမ္ဘာအေး ပါသဏလှိုင်ဂူမှာ ပင့်ဆောင်ပူဇော်ထားတဲ့ တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်မြတ်အတွက် အလှူငွေပေးအပ်သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုရဲ့နာမည်တွေကို ဖော်ပြထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့နာမည်နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ (ငြိမ်း) ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

ရာထူးကနေ တရားဝင်အနားယူသွားပြီဖြစ်တဲ့ စစ်ဘက်နဲ့ အရပ်ဘက်နာမည်တွေနောက်မှာ အဲဒီလိုဖော်ပြလေ့ ရှိတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူရဲ့ရာထူးကနေ တရားဝင်အငြိမ်းစားယူသွားပြီ ဆိုတဲ့သဘော သက်ရောက်တာဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးဟောင်း အရာရှိလည်းဖြစ်၊ မြန်မာသံအရာရှိဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဒီလို ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူတဲ့ သတင်း ဖော်ပြမှုဟာ အမေရိကန်ပြည်ထောင်စုကို တနည်းတဖုံ အရိပ်လက္ခဏာပြသရာရောက်တယ်လို့ ဆိုပါတယ်။

“ဘာဖြစ်လို့ အခုမှ အငြိမ်းစားဆိုပြီး ဖော်ပြလဲလို့ ပြောရရင်တော့ ကျနော်တို့ မီဒီယာတွေ အပါအဝင်ပေါ့လေ-ကျနော်တို့အားလုံးပေါ့။ ပြည်ပမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက်ပြီးတော့မှ အာဏာကို ချုပ်ကိုင်ထားဆဲ ဆိုတာကို ပြောလာတာတွေ များတဲ့အတွက်ကြောင့်မို့လို့ အခုလို တရားဝင် မဟုတ်ပါဘူး၊ ဒီလို အငြိမ်းစား ယူသွားပါပြီ ဆိုတဲ့ဟာကို ကြေညာတယ်လို့ပဲ ကျနော်တို့ မြင်မိပါတယ်ခင်ဗျ။ အခု ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိစ္စက အမေရိကန်အစိုးရအတွက် မယုံသင်္ကာစရာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ ကျနော်တို့ မြောက်ကိုရီးယားနဲ့ဆက်ဆံတဲ့ကိစ္စတွေ၊ အဏုမြူကိစ္စတွေ၊ လှိုက်ခေါင်းတူးတဲ့ ကိစ္စတွေ၊ ပေါ်လာခဲ့ပါတယ်။ ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဗမာ့နိုင်ငံရေးက လုံးဝ မရှိဘူးဆိုတဲ့ ဥစ္စာက သတင်းစာက ဒါ မသိမသာ high light လုပ်လိုက်တဲ့ အနေအထားဖြစ်ပါတယ်”

မြန်မာနိုင်ငံကို နှစ် ၂၀ နီးပါးကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးအတွက် အနားယူတယ် ဆိုတာ ဘယ်လို အဓိပ္ပာယ်မျိုးပါလဲ၊ “Than Shwe: Unmasking Burma's Tyrant,” ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ရေး အထုပ္ပတ္တိကို ရေးသားခဲ့သူ ဘဲန်းနက်ဒစ် ရော်ဂျာစ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဂေါက်သီးပဲရိုက်ပြီး အချိန်ဖြုန်းနေတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ အခုလို ရှုမြင်ပါတယ်။

“မြန်မာအစိုးရရဲ့ ပြောခွင့်ရသူတဦးက မကြာခင်က ပြောခဲ့တာကို ကိုးကားရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ အများအားဖြင့်တော့ စာဖတ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဂေါက်သီးရိုက်တာလည်း ဝါသနာပါ ပါတယ်။ သူ အဲဒီလိုပဲ အချိန်ဖြုန်းနေသလား၊ ဒါမှမဟုတ် တနည်းတဖုံပဲ ပါဝင်ပတ်သက်နေသလား ဆိုတာကတော့ မေးစရာပါ။ နေ့စဉ်ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေမှာတော့ သူ ပါဝင်ချင်မှ ပါဝင်ချင်မှာ ဖြစ်ပေမယ့် အထူးသဖြင့် စစ်တပ်နဲ့ပတ်သက်လို့တော့ သူ့မှာ လွှမ်းမိုးနိုင်မှု ရှိနေသေးတယ်လို့ ကျနော်ထင်ပါတယ်”

ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကတော့ ဂျော့ရှ်တောင်း တက္ကသိုလ်က မြန်မာ့အရေး အကဲခတ် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူကတော့ အာဏာချုပ်ကိုင်ရာမှာ အပြောင်းအလဲတွေရှိတာ တွေ့ရတယ်လို့ အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဘယ်သူမှ ဘာမှ စမပြောရဲကြဘူး၊ ကိစ္စတခုခုကို သူကပဲ စပြောတာဖြစ်မယ်လို့ လူတွေက ကျနော့်ကို ပြောခဲ့ကြပါတယ်။ အခုတော့ အဲဒီအခြေအနေဟာ ပြောင်းလဲလာပြီလို့ ဆိုရမှာပေါ့။ ဒီလိုဖြစ်လာတာဟာလည်း သူ့ရဲ့စိတ်အနေအထား ပြောင်းလဲမှု တစိတ်တပိုင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက အာဏာကို ဘယ်သူက ချုပ်ကိုင်ထားသလဲ ဆိုတာကို အသေအချာ မသိနိုင်တဲ့အချက်ပါပဲ။ အခု အာဏာကို မျှကိုင်ထားကြတယ်လို့ မြင်ပါတယ်”

အခုလို အာဏာချုပ်ကိုင်မှု အပြောင်းအလဲနဲ့အတူ ပြုပြင်ပြောင်းလဲမှုတချို့ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာပဲ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်းကို ခြွင်းချက်တချို့နဲ့အတူ အင်္ဂါနေ့က အတည်ပြုပေးလိုက်ပါတယ်။ ဒါ့အပြင် ရာဂဏန်းရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ရှိသလို အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ဥပဒေကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အခြေအတင် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ တရုတ်နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဖျက်သိမ်းပေးလိုက်တဲ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အစိုးရထိပ်ပိုင်းမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကိုလည်း အတည်ပြုပေးခဲ့တာ တွေ့ရပါတယ်ရှင်။

XS
SM
MD
LG