အရှေ့တရုတ်ပင်လယ်ထဲမှာ ပင်လယ်ရေကြောင်း ဆိုင်ရာ အငြင်းပွားတာမျိုးတွေ ထပ်မဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ပဋိပက္ခကိုင်တွယ် ဖြေရှင်းရေး နည်းလမ်းတခုကို ဖော်ထုတ်ဖို့ နှစ်နိုင်ငံ သဘောတူ လိုက်ပြီလို့ တရုတ်နဲ့ဂျပန်တို့က ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို့ ဂမ့်ဘ (Koichiro Gemba) ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က သဘောတူညီ ချက်ရခဲ့တာလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် ကျီးချီ (Yang Jiechi)၊ ၀န်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ရှေ့လမှာ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိကို့ နိုဒ (Yoshihiko Noda) ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံကတင်သွင်းတဲ့ စားကုန်တွေအပေါ် ကန့်သတ်ထားတာကို လျှော့ပေါ့ပေးရေး အလေးအနက် စဉ်းစားဖို့ကိုလည်း တရုတ်ဘက်က သဘောတူခဲ့တယ်လို့ မစ္စတာဂမ့်ဘရဲ့ လက်ထောက်တွေက ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ရပြီးတဲ့ နောက် ဂျပန်နိုင်ငံကနေ တင်သွင်းတဲ့ စားကုန်တွေအပေါ် တရုတ်တို့က တင်းကျပ်ခဲ့တာပါ။