သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနဲ့ဆွေးနွေး


IDPs from different villages have become new neighbors in their camp, Laiza, Burma, August 2011.
IDPs from different villages have become new neighbors in their camp, Laiza, Burma, August 2011.

ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တွေကြား ပိုပြီးတော့ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စ တွေ့ဆုံပွဲတခုကို ဒီကနေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြုခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကေအိုင်အိုဥက္ကဋ္ဌ အပါအဝင် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ယနေ့ ညနေပိုင်းကနေ တွေ့ဆုံမှုစပြီးတော့ လုပ်နေတာပါ။ အစောပိုင်းက အပစ်ရပ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးတာတွေ မအောင်မြင်ဘဲ အတန်ကြာတွေ့ဆုံဆွေးနွေးမှုတွေ ပြတ်သွားပြီးတဲ့နောက် ခုတစ်ခါထပ်ပြီးတော့ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ တဘက်မှာလည်း ဆွေးနွေးတာတွေ လုပ်နေပေမယ့် တိုက်ပွဲတွေကတော့ ပုံမှန်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေက ထိုင်းအခြေစိုက်သတင်းထောက် နူးပန်ကတင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ လက်နက်ကိုင်များနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်အသစ်ကို ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုအနေနဲ့ ပထမဆုံး ပြန်လည်လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်နယ်၊ ရွှေလီမြို့ ဟိုတယ်တခုမှာ နှစ်ဘက်တွေ့ဆုံမှုတွေကို ညနေပိုင်းကနေ စတင်ပြီး ဆွေးနွေးနေခဲ့တာဖြစ်တယ်လု့ိ ကေအိုင်အို တွဲဘက်အထွေထွေအတွင်းရေးမှူး လာနန်က ပြောပါတယ်။

ဆက်သွယ်မေးမြန်းခဲ့တဲ့အချိန်ထိ နှစ်ဘက်ဆွေးနွေးနေဆဲဖြစ်ပြီး ဆွေးနွေးမှုတွေ မပြီးပြတ်သေးတဲ့ အတွက် ၂ ဘက်စလုံးကတော့ အသေးစိတ်ကို ထုတ်ဖော်မပြောကြပါဘူး။

နှစ်ဘက်တွေ့ဆုံမှုမှာ အစိုးရဘက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်အပါအဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ ကိုယ်စားလှယ်များဖြစ်ပြီး ကေအိုင်အိုဘက်က ဥက္ကဋ္ဌ ဦးလယောက်ဇောင်းဟရားနဲ့ စစ်ဦးစီးဌာနချုပ် ဗိုလ်မှူးကြီးဇော်တောင်နဲ့ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ကြောင်း သိရပါတယ်။

နှစ်ဘက်ဆွေးနွေးမှုတွေရှိနေပေမယ့် တိုက်ပွဲတွေကတော့ ပုံမှန်အတိုင်းပဲ ပြင်းထန်နေဆဲဖြစ်ပြီး ကေအိုင်အို ထိန်းချုပ်နယ်မြေထဲကို ဒုက္ခသည်များ နေ့စဉ် ထွက်ပြေးခိုလှုံနေကြဆဲဖြစ်တယ်လို့ ဒု-အထွေထွေအတွင်းရေးမှူး လာနန်က အခုလိုပြောပါတယ်။

“တိုက်ပွဲတွေကတော့ နေ့စဉ်နဲ့အမျှပေါ့နော်၊ ရပ်သွားတယ်- တိုက်ပွဲမရှိတဲ့နေ့တွေဆိုတာ မရှိသလောပါပဲ။ တိုက်ပွဲကတော့ နေ့စဉ် ရက်ဆက်တော့ဖြစ်တယ်ခင်ဗျ။ နေရာဒေသအနှံ့လို့ ပြောရမှာပေါ့နော်။ အထူးသဖြင့်တော့ ဆင်လွမ်လမ်းဘက်မှာ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်တယ်။ တပ်မဟာ (၂) ရဲ့ တပ်ရင်း (၅) ဒေသမှာလည်း ဖြစ်တယ်။ နောက်ပြီးတော့ တပ်ရင်း (၃) ဒေသမှာ ဆဒုန်း ကန်ပိုင်တီဘက်လမ်း မှာတော့ နည်းနည်းလျော့ပေမယ့် ဂါးရာယန်ဘက်မှာ ဆက်ဖြစ်တယ်ခင်ဗျ။ လျော့တယ်ဆိုတာကတော့ သူတို့ရဲ့တပ်နဲ့ ကျနော်တို့တပ်တွေ ထိပ်တိုက် မတွေ့တဲ့နေရာ အချိန်မှာပဲ လျော့တယ်။ လုံး၀ ကင်းသွားတဲ့ ဟာမျိုးက မရှိပါဘူး”

ထိုးစစ်တွေကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ဗန်းမော်ခရိုင်၊ မံဝင်းမြို့ ဘလောင်ဒိန်ဆာ တပ်ရင်းဌာနချုပ် ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ ကို အစိုးရစစ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ထာဝရ ငြိမ်းချမ်းရေးအတွက် သမ္မတဘက်က ကမ်းလှမ်းချက်ကို ကေအိုင်အိုအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ နဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံရာမှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က အပစ်အခတ်ရပ်စဲဖို့၊ ဒီနောက် ဖွံ့ဖြိုးမှု အကူအညီတွေပေးဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စတဲ့ အဆင့်ဆင့်ပါဝင်တဲ့ အစီအစဉ်တရပ်ကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

အစောပိုင်းက အပစ်ခတ်ရပ်စဲရေးအတွက် ဇွန်လ နောက်ဆုံး အစိုးရနဲ့ ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှုမရှိဘဲ ခုတစ်ခါ အသစ်ကမ်းလှမ်းချက် တဖန် စတင်နေခြင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG