သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်အမတ်တချို့ ကလင်တန်ခရီးစဉ်အပေါ် သတိပေး


အောက်လွှတ်တော်အမတ်တချို့ ကလင်တန်ခရီးစဉ်အပေါ် သတိပေး
အောက်လွှတ်တော်အမတ်တချို့ ကလင်တန်ခရီးစဉ်အပေါ် သတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ဟန်ပြပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ထောက်ခံသလိုဖြစ်သွားမှာ စိုးရိမ်တဲ့အကြောင်း အမေရိကန်အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီဆိုတဲ့ မြန်မာအစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်နေတာတွေ၊ အန္တရာယ်ကြီးလှတဲ့လက်နက်တွေ ပြန့်ပွားအောင် ဆက်ပြီးလုပ်နေတာတွေ တွေ့နေရတယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောနေကြတာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်တဲ့ မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ၂ ရက်တာ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ အလီယာနာ ရော့စ် လစ်တီနန် Ileana Ros-Lehtinen က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးတာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ပြန်ပြီးတော့ ခြေချခွင့်ရတာတွေဟာ ပြည့်စုံပြီလို့ ပြောလို့ မရပေမယ့်လည်း ဒီတိုးတက်ဖြစ်ပေါ်မှုတွေကို ထောက်ခံပါတယ်လို့ မစ္စစ် ရော့စ် လစ်တီနန် Ileana Ros-Lehtinen က ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်က သမ္မတအိုဘားမား တလောကပဲ ပြောသွားသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အမေရိကန်တို့ဘက်က ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ဖို့ လုံလောက်တဲ့သဘောမျိုး ဖြစ်သွားမှာကို စိုးရိမ်မိကြောင်း မစ္စစ် ရော့စ်လစ်တီနန်ကပဲ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ရရှိဖို့ကို ကွယ်လွန်သူ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌဟောင်း တွမ်လန်းတို့စ် လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုမျိုးတွေ ဆက်ပြီးတော့ ဆောင်ရွက်ရပါမယ်လို့လည်း ဆိုပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့အကြမ်းဖက်မှု၊ နျူကလီယားလက်နက် မပြန့်ပွားရေးနဲ့ ကုန်သွယ်ရေး အာရှကော်မတီခွဲရဲ့ဥက္ကဋ္ဌ အက်တ်၊ ရွိုက်စ် Ed Royce ကလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်ပြီးတော့ တနင်္လာနေ့ကပဲ မေးခွန်းထုတ်သွားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်က မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေ လက်မခံတဲ့ မြန်မာအစိုးရဟာ ၃ နှစ်ကြာလာတဲ့အခါမှာ ဘယ်လောက်တောင်မှ အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်မလဲ၊ စဉ်းစားမိပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာခေါင်းဆောင်တွေ တကယ့် လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်တာ အသေအချာ တွေ့ရမှ ဖြစ်မှာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ မြန်မာဟာ တကယ်ပဲ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစနစ်နဲ့ ပြောင်းလဲမလားဆိုတာ သေချာ စုံစမ်းရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးတာတွေ ဖြစ်မဖြစ်ဆိုတာ သေချာ စစ်ဆေးဖို့ တာဝန်ရှိပါတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီခွဲရဲ့ ဥက္ကဋ္ဌအက်တ် ရွိုက်စ် Ed Royce က ပြောသွားပါတယ်။

XS
SM
MD
LG