သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် တွေ့မည်


၀န်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် တွေ့မည်
၀န်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် တွေ့မည်

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ မနေ့ညနေပိုင်းကတည်းက နေပြည်တော်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ နေပြည်တော်ကိုရောက်နေတဲ့ ဗွီအိုအေသတင်းထောက် မစုမြတ်မွန်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“မစုမြတ်မွန်လည်း နေပြည်တော်မှာ ရောက်နေတယ်ဆိုတော့ နိုင်ငံခြားရေးဝန်ကြီးက ဘယ်လိုအစီအစဉ်တွေ စီစဉ်ထားလဲ မစုမြတ်မွန်ရေ”

“ဒီနေ့သိထားတာကတော့ အရင်ဆုံး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးရုံးမှာ အရင်တွေ့ပါလိမ့်မယ်။ ပီးသွားလို့ရှိရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ သမ္မတဦးသိန်းစိန်ကို သမ္မတအိမ်တော်မှာ သွားပြီးတော့ တွေ့ဖို့ရှိပါတယ်။ အဲဒီမှာတော့ သတင်းထောက်တွေကိုလည်း လာခွင့်ပေးထားတော့ သမ္မတဆီကပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကပဲဖြစ်ဖြစ် မေးကောင်း မေးခွင့်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ နောက်ပြီးရင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် အဲဒီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀ လောက်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖို့ရှိတယ်။

ပီးသွားရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ထပ်ပြီးတွေ့ဖို့ ရှိပါတယ်”

“မစုမြတ်မွန်အပြောအရဆိုရင်တော့ မြန်မာအာဏာပိုင်တွေနဲ့ပဲ သီးခြားတွေ့မယ့်သဘောလား၊ ဒါမှမဟုတ် နေပြည်တော်မှာ တခြားနိုင်ငံရေးပါတီတွေ၊ တခြား လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရောရှိသေးလား”

“သိထားတဲ့ အစီအစဉ်အကြမ်းအရတော့ ဒီကနေ့ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ပဲ တွေ့မယ်လို့၊ နောက်တခါ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ပဲ တွေ့မယ်လို့ပဲ နားလည်ထားပါတယ် ကိုသားညွန့်ဦးရေ”

“မစုမြတ်မွန်ရေ၊ အဲဒီတော့ မြန်မာအာဏာပိုင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တွေ့တဲ့အခါမှာ သူတို့ဘာတွေဆွေးနွေးဖွယ်ရှိသလဲ။ မစုမြတ်မွန် ဘယ်လိုများကြားထားသေးလဲဗျ”

“သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံတဲ့အခါမှာပေါ့နော်-မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်အစိုးရဘက်ကနေ ဘယ်လိုမြင်သလဲဆိုတာမျိုး ပြောကောင်းပြောဖို့ ရှိတယ်။ တခါ ဒီ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကိစ္စပေါ့လေ။ နောက် မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရဆက်ဆံရေးအပေါ်မှာ အမေရိကန်ရဲ့စိုးရိမ်မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘက်က ပြောလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာပေါ့နော်။ ပိုပြီးတော့ ကျယ်ပြန့်တဲ့အပြောင်းအလဲတွေဖြစ်လာဖို့အတွက် မျှော်လင့်စရာဖြစ်တယ်ဆိုပြီးတော့လည်း မြန်မာနိုင်ငံကို မလာခင်ကလေးမှာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘက်က ပြောထားတာပါ။ သမ္မတဦးသိန်းစိန်ဘက်ကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုတွေအကြောင်း ပြောကောင်းပြောမယ် လို့လည်း ခန့်မှန်းရပါတယ်။ ဒီတွေ့ဆုံမှုမှာ ထူးခြားတာတခုကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် နောက်ထပ်လူ့အခွင့်အရေးအခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့ လိုသေးတယ် ဆိုပြီးတော့ အမေရိကန်အစိုးရက ပြောထားတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးဆိုပြီးတော့ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ပြောထားတော့ ဒီကိစ္စအပေါ်မှာ သမ္မတနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံတဲ့အခါမှာ ဘယ်လိုပြောကြမယ်ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုသားညွန့်ဦး ”

“ဟုတ်ကဲ့။ နေပြည်တော်လုံခြုံရေးကရော- အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီးကလည်း ရောက်နေတယ်ဆိုတော့ နေပြည်တော်ရဲ့လုံခြုံရေးအနေအထားက ဘယ်လိုရှိသလဲ။”

“လုံခြုံရေးကတော့ မနေ့က လေဆိပ်ကနေပြီးတော့ ဒီ ဟိုတယ်လ်ဘက်ကို ပြန်လာတဲ့အထိပေါ့လေ။ ကျနော်တည်းတဲ့ဟိုတယ်မှာဆိုလို့ရှိရင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ဟိုတယ်နဲ့ဆို ဟိုဘက်ဒီဘက်ပေါ့လေ။ သူကတော့ သင်္ဂဟဟိုတယ်မှာတည်းပါတယ်။ အဲဒီမှာ မြင်ရတာကတော့ ရဲအစောင့်တွေတော့ တော်တော်လေးချထားပါတယ်။ ဒါပေမယ့် အရမ်းကြီးလားဆိုတော့လည်း ကျနော်လည်း သူ့ဟိုတယ်လ်အတွင်းထဲကို ဝင်မကြည့်တဲ့အခါကျတော့ မသိရဘူးပေါ့လေ။ ဒါပေမယ့် အပြင်ဘက်မှာမြင်ရတာကတော့ လုံခြုံရေးကတော့ တော်တော်လေး မဆိုးပါဘူး။ ချထားပါတယ်ရှင့်”

“နေပြည်တော်မှာပဲ နိုင်ငံခြားရေးဝန်ကြီးပဲဖြစ်ဖြစ်၊ မြန်မာအာဏာပိုင်တွေဘက်ကပဲဖြစ်ဖြစ်၊ သီးခြား သတင်းထောက်တွေကိုတွေ့တာ၊ စကားပြောတာ၊ ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရော ရှိသေးလား။ ဒီနေ့အဖို့”

“ကျနော်နားလည်တာတော့ ဒီနေ့ နေ့လည် ၂ နာရီလား၊ ၃ နာရီမှာလား သတင်းစာရှင်းလင်းပွဲတခု ရှိတယ်ဆိုပြီးတော့ မနေ့တုန်းက ပြည်တွင်းမှာရှိတဲ့ သတင်းထောက်တွေ ပြောကြပါတယ်။ တခုရှိတာကလည်း ဒီဘက်မှာက အစီအစဉ်က ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ တိတိကျကျ ကြိုပြီးသိဖို့ကလည်းခက်တယ်။ နောက်ပြီး သူတို့အစီအစဉ်ကလည်း အမြဲတမ်းပြောင်းနေတဲ့အခါကျတော့ သတင်းစာရှင်းလင်းပွဲတခု ရှိတယ်ဆိုတာကိုတော့ သိထားပါတယ်။ ကိုသားညွန့်ဦး ”

XS
SM
MD
LG