သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း


ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း
ဒဏ်ခတ်မှုတွေရုပ်ဖို့ဆိုရင် လိုလားချက်တွေလိုက်လျောပေးဖို့ ဒေါ်စုတိုက်တွန်း

မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်လွှတ်တော်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်း စေချင်တယ်ဆိုရင် ဒီလိုဒဏ်ခတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်း အချက်တွေကို မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မကြာသေးခင်က စတင်လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ အားတက်စရာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ပထမနေ့မှာပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မြန်မာ့နိုင်ငံအရေး ဆွေးနွေးခဲ့ကြတာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကနေ တဆင့် အခုလို ဆွေးနွေးပြောဆိုသွားတာပါ။

“တကယ်လို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းစေချင်တယ်ဆိုရင် မြန်မာအစိုးရဘက်က ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာကို အမေရိကန်အစိုးရဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါနဲ့ပတ်သက်လို့ ကျမတို့ကလည်း သဘောတူပါတယ်။ ကျမတို့ အမြဲတမ်း ပြောခဲ့တာရှိပါတယ်၊ ဒီ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းစေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ အမေရိကန်ကွန်ဂရက်စ်က ဒီအရေးယူမှုတွေ ချမှတ်ချိန်မှာ ဘာကြောင့် ဒီလို ချမှတ်ရတယ်ဆိုတဲ့ အကြောင်းရင်း အချက်တွေရှိပါတယ်။ ဒါတွေကို မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက်ရမှာပါ။ ဥပမာ.. နိုင်ငံရေးကအကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုတာ စတဲ့အချက်တွေပါ။ ဒီအချက်တွေကို ဆောင်ရွက်ပေးမယ် ဆိုရင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့ ဆိုတာကလည်း ဖြစ်လာမှာ သေချာပါတယ်”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာရောက်တာဟာ ကောင်းတဲ့အရိပ်လက္ခဏာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မစ္စစ်ကလင်တန်ရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခြင်းပဲ ဖြစ်ပါတယ်။ ခုလို မြန်မာနိုင်ငံနဲ့ ပိုပြီးတော့ထိတွေ့ဆက်ဆံလာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းလဲလာတဲ့ မူဝါဒကို သူ ထောက်ခံတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ်ကနေ အခု မြန်မာနိုင်ငံဟာ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြောင်းအလဲလုပ်မှဖြစ်မယ် ဆိုတာကို အစိုးရအရာရှိတချို့က နားလည် သဘောပေါက်ကြတယ်လို့လည်း သူက ဆိုပါတယ်။ ဒီလို အပြောင်းအလဲအတွက် ကြိုးပမ်းကြရာမှာ အပြန်အလှန် နားလည်စိတ်ထားဖို့ အရေးကြီးတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

“ဒီ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲမှာပါဝင်ပြီး နိုင်ငံရေး စလုပ်တဲ့အချိန်ကတည်းက ကျမတို့ရဲ့ ကြိုးပမ်းမှုဟာ ဒီ တိုင်းပြည် ပိုပြီးတော့ ငြိမ်းချမ်းဖို့၊ ပိုပြီးတော့ ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျမ စပြီး ပါဝင်လှုပ်ရှားခဲ့တာပါ။ ဒေါသတွေ၊ လက်စားချေချင်တဲ့ အမုန်းတရားစိတ်တွေနဲ့ ဆောင်ရွက်လို့ကတော့ ဒီလို ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒေါသစိတ်တွေ အမုန်တရားတွေ ရှေ့ထား ဆောင်ရွက်ဖို့ ကျမ တခါမှ မတွေးခဲ့ပါဘူး။ တဘက်နဲ့တဘက် အပြန်အလှန် နားလည်မှု၊ ကိုယ်နဲ့သဘောထား မတူတဲ့သူတွေနဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်နိုင်ရည်ရှိမှု၊ လိုအပ်ရင် သဘောထားကွဲလွဲပိုင်ခွင့် ရှိတဲ့အပေါ်မှာ သဘောတူလက်ခံဖို့၊ မတူကွဲပြားတဲ့ တွေးခေါ်မှု ပုံစံအမျိုးမျိုးကနေ ညီညွတ်မှုရှိအောင် လုပ်ကြရမှာပါ။”

နိုင်ငံတကာ ဆက်ဆံရေးကောင်စီက မြန်မာ့အရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။ မကြာခင် လပိုင်းတွေအတွင်း ကျင်းပနိုင်ဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ ပါဝင် ယှဉ်ပြိုင်သွားမယ့်အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းထားတာ၊ တိုင်းရင်းသားဒေသတွေက ထိုးစစ်ဆင်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်အပါအဝင် အင်အားကြီး အနောက်နိုင်ငံတွေက မြန်မာအစိုးရအပေါ် စီးပွားရေးနဲ့ သံတမန်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့ အမျှ ဒီအရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းပေးဖို့ကို မြန်မာအစိုးရဘက်က မျှော်လင့်နေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG