သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားအရေး IAEA အပေါ် မြန်မာပွင့်လင်းဖို့လို


နျူကလီယားအရေး IAEA အပေါ် မြန်မာပွင့်လင်းဖို့လို
နျူကလီယားအရေး IAEA အပေါ် မြန်မာပွင့်လင်းဖို့လို

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားလိုနိုင်ငံမျိုးရဲ့ အကူအညီယူပြီးတော့ နျူကလီယားလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့သံသယတွေရှင်းသွားစေဖို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီနဲ့ စုံစမ်းစစ်ဆေးဖို့ ပွင့်ပွင့်လင်းလင်း ပြသဖို့ လိုအပ်တယ်လို့ ဝါရှင်တန် အခြေစိုက် ISIS နိုင်ငံတကာလုံခြုံရေးဆိုင်ရာနဲ့ သိပ္ပံဆိုင်ရာ အဖွဲ့ကြီးကပြောကြားလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်သလို နျူကလီယားဆိုင်ရာ လက်နက်မပြန့်ပွားရေးစာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံတကာကနေ နျူကလီယားလက်နက်ဆိုင်ရာ စောင့်ကြည့်နေခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်မှုတွေအပြင် တခြား နျူကလီယားဆိုင်ရာ သံသယဖြစ်စရာ အထောက်အထားတွေကြောင့် စိုးရိမ်စိတ်ပူရတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ အသတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ သံသယဖြစ်စရာတချို့ ပြေလျော့လာခဲ့တာမို့ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရကြောင်း ISIS အဖွဲ့က သုတေသနပညာရှင် အင်ဒရီရယ် စထရစ်ကာက (Andrea Stricker) ပြောပါတယ်။

မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားလိုနိုင်ငံမျိုးရဲ့ အကူအညီကို ယူပြီး Nuclear သုတေသနလုပ်ငန်း အငယ်လေးတွေ စပြီးလုပ်နေတယ်လို့ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက သံသယဖြစ်စရာတွေ အများကြီး တွေ့ခဲ့ရတာမို့ အထူးသဖြင့် အမေရိကန်လိုနိုင်ငံက စိတ်ပူခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်လတွေအတွင်းမှာပဲ မြန်မာအစိုးရက သူတို့မလုပ်ဆောင်ဘူးဆိုတာကို အာမခံချက်တွေ ပေးခဲ့သလို မြန်မာနိုင်ငံမှာ လမ်းကြောင်း ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကို နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေတွေ့ခဲ့ရပြီး အရင်က ပြည်ပရောက် မြန်မာစစ်တပ် အရာရှိဟောင်းပြောကြားခဲ့တဲ့ Nuclear လက်နက်ဆိုင်ရာ သံသယဖြစ်စရာတွေ အတွက် အခုထိ ခိုင်လုံတဲ့အထောက်အထားတွေ မရတာကြောင့် မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပုံရတယ်လို့ တွက်ပါတယ်

စက်တင်ဘာလထဲမှာ IAEA အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးတင်ဝင်းက မြန်မာနိုင်ငံမှာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်လောက်အောင် စီးပွားရေး မတောင့်တင်းဘူးလို့ တင်ပြခဲ့တဲ့အပြင် IAEA အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် လက်ခံမယ့် အရိပ်အယောင်တွေကိုလည်း ပြသခဲ့ပါတယ်။ IAEA အဖွ့ဲ မြန်မာနိုင်ငံကို သွားရောက်နိုင်မယ် ထင်ပါသလားဆိုတဲ့ အမေးကိုတော့ -

IAEA မြန်မာနိုင်ငံကို သွားနိုင်မယ်လို့ထင်သလို ဒီလို သွားတာဟာ သိပ်ကို ကောင်းတဲ့လုပ်ရပ်ပါ။ ဒါဟာ မြန်မာအစိုးရက မြန်မာနိုင်ငံမှာ Nuclear လက်နက်လုပ်ဆောင်မှုတွေမရှိဘူးလို့ ပြောထားတာကို အထောက် အကူပေးတဲ့အနေနဲ့ ထင်သာမြင်သာ ပြနိုင်တဲ့သဘောပါ။ မြန်မာနိုင်ငံဟာ ဒီNuclear လက်နက်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပေရောက် စစ်တပ် အရာရှိဟောင်းအပြင် တခြားပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက် အများအပြားကို ဖြေရှင်းနေရတာပါ။

ဒီပုဂ္ဂိုလ်တွေစိတ်ပူတဲ့Nuclear လက်နက်ဆိုင်ရာလုပ်ဆောင်နေတဲ့ နေရာတွေက စက်ကိရိယာတွေဟာ Nuclear ပစ္စည်းတွေကို အန္တရာယ်မရှိတဲ့လုပ်ငန်းတွေမှာရော အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာပါ သုံးနိုင်တာ တွေ့ရပြီး အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာ သုံးနိုင်ခြေကပိုများနေပါတယ်။ ဒါကြောင့် ဒါကို IAEAက သွားတဲ့အခါ စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် IAEA က Nuclear ဆိုင်ရာ စစ်ဆေးမှုတွေ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ခွင့်ပြုတဲ့ နောက်ဆက်တွဲ Nuclear ဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ပါ။ သူတို့မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မှာပါ

IAEA က ထဲထဲဝင်ဝင် စစ်ဆေးမှုတွေလုပ်နိုင်ဖို့ သဘောတူစာချုပ်ကိစ္စကို ဆွေးနွေးဖို့အပြင် နျူကလီယားနဲ့ ဒုံးကျည်ဆိုင်ရာ အတတ်ပညာတွေ သင်ယူဖို့အတွက် ရုရှားနိုင်ငံကို မြန်မာနိုင်ငံကနေ ရာနဲ့ချီတဲ့ ပညာတော်သင်တွေ ဘာကြောင့် စေလွှတ်နေတယ်ဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် နျူကလီယားဆိုင်ရာ စိတ်ပူစရာတွေ အခုအခါမှာ လျော့ပါးလာတာ တွေ့နေရပေမယ့် လုံးဝစိတ်ပူစရာမလိုတဲ့ အနေအထားအဖြစ်တော့ မသတ်မှတ်နိုင်သေးဘူးလို့လည်း ISIS က သတ်မှတ်ပါတယ်။

စိတ်ပူစရာတွေကလျော့လျော့လာနေပါတယ်။ ဒီလိုနဲ့လာပေမဲ့ မြန်မာနိုင်ငံအတွက်Nuclear ဆိုင်ရာ ပူပန်ရမှှုတွေ အဆုံးသတ်သွားပြီလို့ မပြောနိုင်ပါဘူး။ ဒီကိစ္စအတွက် မြန်မာနိင်ငံက ထင်သာမြင်သာ ပွင့်ပွင့်လင်းလင်း ပြောရမှာဖြစ်သလို ဘာတွေလုပ်နေတယ်ဆိုတာ ပို သိရဖို့ မေးမြန်းချက်တွေကို ဖြေကြားဖို့လိုပါတယ်

မြန်မာနိုင်ငံမှာ နိုင်ငံရေးပွင့်လင်းလာမှုတွေအတွက် ISIS အဖွဲ့က နိုင်ငံတကာနဲ့အတူ ကြိုဆိုခဲ့ပေမယ့် နျူကလီယာလုပ်ငန်းစဉ်ဆိုင်ရာမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အခုထက်ပိုပြီး ပွင့်လင်းမှုတွေရှိဖို့လည်း ပန်ကြားခဲ့ပါတယ်။

XS
SM
MD
LG