သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ ရာထူးစွန့်ပြီ


အီဂျစ်သမ္မတ ရာထူးစွန့်ပြီ
အီဂျစ်သမ္မတ ရာထူးစွန့်ပြီ

အီဂျစ်ပြည်သူတွေရဲ့ ၁၈ ရက်ကြာ ဆန္ဒပြမှုတွေကြောင့် နှစ်ပေါင်း ၃၀ တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့တဲ့ သမ္မတမူဘာရက် အာဏာက စွန့်လွှတ်ပေးခဲ့ရပါပြီ။ သမ္မတရဲ့အာဏာကို စစ်တပ်ကိုလွှဲပေးလိုက်ပြီလို့ အီဂျစ်ဒုသမ္မတ အိုမာစူလေမန်ရဲ့ သောကြာနေ့ညပိုင်းက ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အီဂျစ်ပြည်သူတွေ ထောင်ပေါင်း သောင်းပေါင်းများစွာဟာ လမ်းမတွေပေါ်ထွက်ပြီး အော်ဟစ်ပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။

စစ်တပ်ကတိုင်းပြည်ကို ဘယ်လိုဆက်ပြီး ထိန်းချုပ်သွားမယ် ဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ နောက်နေ့တွေမှာ ဆက်ပြီးကြေညာမယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။ တရားဝင်မှုကို ပြည်သူတွေ လက်ခံဖို့ပဲ ရှိတော့တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်တဦးက ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာမူဘာရက်ကို ဂုဏ်ပြုကြောင်းနဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရတဲ့သူတွေကိုလည်း အာဇာနည်တွေအဖြစ် သူကအလေးပြုခဲ့ပါတယ်။

အီဂျစ်မြို့တော် ကိုင်ရိုက သာဟ်ရီ (Tahrir) လွတ်မြောက်ရေးရင်ပြင်ကတော့ သမ္မတမူဘာရက် ဖြုတ်ချရေး အဓိက သပိတ်စခန်းဖြစ်လို့ အဲဒီရင်ပြင်မှာ လူတွေ ကြိတ်ကြိတ်တိုး အောင်ပွဲခံနေကြပြီး နိုင်ငံတကာ သတင်းသမားတွေရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ အီဂျစ်နိုင်ငံအလံတွေလည်း လူတွေက နေရာတကာမှာဝှေ့ယမ်းပြီး ကိုင်ရိုမြို့တော်ရဲ့ ညဖက်ကောင်းကင်ပြင်မှာတော့ အောင်ပွဲအထိမ်းအမှတ် မီးရှုးမီးပန်းတွေ ပစ်ဖောက်ပျော်ရွှင်ခဲ့ကြပါတယ်။

အီဂျစ်နိုင်ငံ အလက်ဇန်းဒီးယားမြို့နဲ့ တခြား မြို့ကြီးတွေမှာလည်း လမ်းမတွေပေါ်မှာ ကားဟွန်းတွေတီး၊ လူတွေကလည်း အမြောက်အများထွက်ပြီး အလံတွေကို ဝှေ့ယမ်းပြီးတော့ အောင်ပွဲခံနေကြပါတယ်။ မစ္စတာမူဘာရက်ဟာ အခုကိုင်ရိုမြို့ကနေ ပင်လယ်နီအပမ်းဖြေစခန်း Sharm El-Sheikh မှာရှိတဲ့ သူ့ရဲ့အိမ်ကို ထွက်သွားခဲ့ပြီလို့ အီဂျစ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေမှာ ရေးသားနေကြပါတယ်။

XS
SM
MD
LG