သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အမေရိကန် သက်ညှာမှုတချို့


မြန်မာအပေါ် အမေရိကန် သက်ညှာမှုတချို့
မြန်မာအပေါ် အမေရိကန် သက်ညှာမှုတချို့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကိုရောက်နေတဲ့ ဒီကနေ့ ဒုတိယနေ့မှာတော့ နေပြည်တော်မှာသမ္မတဦးသိန်းစိန်နဲ့ရော အစိုးရအဖွဲ့တွေအပြင် ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေအပြည့်အစုံကို သိရအောင်လို့ နေပြည်တော်မှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သူ မစုမြတ်မွန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကလင်တန်က ဘာတွေပြောသွားသလဲလို့ စမေးတဲ့အခါမှာ မစုမြတ်မွန်က အခုလို စပြောပါတယ်။-

သူအရင်ဆုံးပြောတာက အနှစ် ၅၀ အတွင်းမှာမှ ပထမဦးဆုံးလာရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပေမယ့်လည်း တကယ်တော့ အမေရိကန်နဲ့ မြန်မာနိုင်ငံဟာဆိုရင် ဟိုးအရင်ကတည်းက ၂ နိုင်ငံဆက်ဆံရေးရှိခဲ့တယ် ဆိုတာကို အစချီပြီးတော့ ပြောပါတယ်။ တာရှည် မျှော်လင့်စောင့်စားခဲ့ရတဲ့ ပွင့်လင်းမှုတချို့ကို မြန်မာသမ္မတ ဦးသိန်းစိန်ကနေပြီးတော့ လုပ်ခဲ့တဲ့အပေါ်မှာ အမေရိကန်ကနေ ကြိုဆိုတယ်ဆိုပြီးတော့ ပြောပါတယ်။

“မီဒီယာနဲ့ အရပ်သားအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်မှုတချို့ကို ဖွင့်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေတွေ၊ အလုပ်သမားဥပဒေတွေ ပြန်ပြင်ပေးခဲ့ပါတယ်။ ခံယူချက်ကြောင့် အကျဉ်းကျသူ ၂၀၀ လောက်ကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကိုလည်း ဆက်လုပ် သွားမယ်လို့ သမ္မတကြီးက ပြောကြားခဲ့ပြီးတော့ ကျမတို့ဘက်ကလည်း ဒါကို ထောက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်”

ဒါပေမယ့်လည်း အခု မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ၊ စိန်ခေါ်မှုတွေဟာ အများကြီး ရှိနေသေးတာကိုလည်း သမ္မတဦးသိန်းစိန်နဲ့ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။ နောက်တခါ နျူကလီယား မပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် ၂ ခုကိုရောပေါ့နော်။ မြန်မာနိုင်ငံအနေနဲ့ အတိအကျ လိုက်နာဖို့လိုတယ်ဆိုတာကိုလည်း သူက ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခုလောလောဆယ်အထိပေါ့နော်၊ မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေအပေါ်မှာ မြန်မာနိုင်ငံက အသိအမှတ်ပြုတဲ့အနေနဲ့ လိုက်လျောခဲ့တဲ့ အချက် ၂ ချက်ကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အသိပေးပါတယ်။

“အမေရိကန်ပြည်ထောင်စုကလည်း ဒီပြုပြင်ရေးတွေကို အသိအမှတ်ပြုပြီးတော့ တုံ့ပြန်ဖို့ တိုင်းတိုင်းဆဆ လုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအထီးကျန် ဖြစ်နေရတာကို လျော့ပါးစေဖို့နဲ့ ပြည်သူတွေရဲ့ဘဝ အဆင့်မြင့်မားရေးတွေ ပါဝင်ပါတယ်။ အဲဒါကတော့ မဲခေါင်မြစ်ဝှမ်းစီမံကိန်းမှာ လေ့လာသူအဖြစ် အိမ်နီးချင်း တွေနဲ့ လက်တွဲခွင့်ပြုရေးနဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်လေ့လာရေးအဖွဲ့တွေကို ဖွံ့ဖြိုးရေးအတွက် ဘာတွေလိုအပ်တယ် ဆိုတာကို လေ့လာဖို့၊ အထူးသဖြင့် ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် လေ့လာဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးရေး လျော့ရဲရဲဖြစ်နေတဲ့ ကိစ္စတွေ၊ ဘဏ္ဍာရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ပညာရေး၊ လေ့ကျင့်သင်တန်းပေးရေး ကိစ္စတို့လည်း ဖြစ်ပါတယ်”

အဲဒီတော့ ဒီသတင်းစာရှင်းလင်းပွဲမှာ အဓိကပြောခဲ့တဲ့ အချက်တွေပေါ့လေ-

ဟုတ်ပါပြီ။ မစုမြတ်မွန်ရေ- ဒီကနေ့ မနက်ပိုင်းကလည်း သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးကလင်တန်နဲ့တွေ့ပါသေးတယ်။ အဲဒီမှာလည်း ပြည်တွင်းပြည်ပက သတင်းထောက်တွေ ပထမဦးဆုံး သတင်းယူခွင့်ရတယ်ဆိုတော့ မစုမြတ်မွန်ရဲ့ အတွေ့အကြုံလေး ပြောပြပေးပါအုံးရှင့်။

“ကျမတို့ လုံခြုံရေးအဆင့်ဆင့်ကို ဖြတ်ပြီးတော့မှ နိုင်ငံတကာက သတင်းထောက်တွေရော၊ ပြည်တွင်းမှာရှိတဲ့ သတင်းဂျာနယ်တွေက သတင်းထောက်တွေရော သမ္မတအိမ်တော်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံတာကို ခဏကြည့်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ရပါတယ်။ သူတို့ဆွေးနွေးတဲ့ အတိအကျကိုတော့ စောင့်ပြီးတော့ သတင်းယူခွင့် မရခဲ့ဘူးပေါ့လေ။ ပထမတွေ့ရတာကတော့ ဒီ နိုင်ငံခြားရေးဝန်ကြီးရောက်လာပြီးတော့မှ သမ္မတနဲ့နှုတ်ဆက်တယ်ပေါ့လေ။ နောက် ပါလာတဲ့သံတမန်တွေ အပြန်အလှန် နှုတ်ဆက်ကြတယ်ပေါ့။

ပြီးတဲ့အခါမှာ သမ္မတကြီးဦးသိန်းစိန်က ဘာပြောလဲဆိုတော့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးလာခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့အတွက် ပြည်သူတွေကရော ဝမ်းသာစွာနဲ့ကြိုဆိုပါတယ်ဆိုပြီးတော့ ပြောပါတယ်”

“ဒီတွေ့ဆုံပွဲမှာ အမေရိကန်ဘက်ကရော မြန်မာဘက်ကရော ဘယ်သူတွေ ပါပါသေးလဲရှင့်”

“မြန်မာအစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ပါဝင်ပါတယ်။ နောက် ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုပါတယ်။ နောက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ နောက် စီးပွား/စီမံကိန်းဝန်ကြီး တင့်နိုင်သိန်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ ပါလာပါတယ်။ အမေရိကန်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်နဲ့အတူ ပါလာတာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ့်၊ ကမ်ဘဲလ်ပါလာတယ်။ နောက်တခါ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချယ်ပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အလုပ်သမားဝန်ကြီး မိုက်ကယ် ပေါ့စနာတို့လည်း ပါလာတာကို တွေ့ရပါတယ်”

ဟုတ်ကဲ့ပါ။ အခုလို သတင်းတွေကို နေပြည်တော်ကနေ ပြည့်ပြည့်စုံစုံပြောပြပေးနေတာ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG