ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ကမ္ဘာပေါ်မှာ AIDS ရောဂါ အမြစ်ဖြတ်နိုင်မယ့် အနေအထားကို တွေ့နေရပြီဖြစ်ပေမယ့် ဒီရောဂါ ပြန့်ပွားမှုကို ဆက်တိုက်ဖျက်ရာမှာတော့ ရံပုံငွေရရှိမှု ပြဿနာဟာ အရေးပါလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့အတွက် ဂုဏ်ပြု ထုတ်ပြန်ချက်ထဲမှာ ဘန်ကီမွန်းက နှစ်စဉ် AIDS တိုက်ဖျက်ရေးအတွက် ခန့်မှန်းချေ လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂ သောင်း ၄ ထောင်ကို အပြည့်အ၀ ရရှိအောင် ကူညီပေးဖို့ နိုင်ငံတကာအလှူရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။
သုံးသပ်သူ တော်တော်များများကတော့ အမေရိကန်နဲ့ ဥရောပအစိုးရတွေအနေနဲ့ သူတို့ရဲ့ ဘတ်ဂျက် လိုငွေပြမှုကို ဖြေရှင်းနိုင်ဖို့ လုပ်နေတာကြောင့် ဒီ AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ရံပုံငွေ ဖြတ်တောက်ခံရတာမျိုး ရှိနေတာကို စိုးရိမ်နေကြပါတယ်။
နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ကူမာ ချန်ဒီရာမာနီ (Kumar Chan Dira Mani) က သူ့အဖွဲ့ အနေနဲ့လည်း ရံပုံငွေဖြတ်တောက်ခံရမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ ဒီ AIDS ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပြည်တွင်း ရံပုံငွေ ထုတ်ပေးမှုဟာ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါးကနေ ၂၀၁၀ မှာ ၁၅ ဘီလီယံအထိ လျော့ကျလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် ကတော့ ၁၅ ရာခိုင်နှုန်းအထိ တကမ္ဘာလုံးမှာ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်ရှင်။