သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ လူမှုရေးအသင်းများကူညီ


ကချင်ဒုက္ခသည်တွေ လူမှုရေးအသင်းများကူညီ
ကချင်ဒုက္ခသည်တွေ လူမှုရေးအသင်းများကူညီ

ကချင်ပြည်ဘက်မှာ အစိုးရတပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကိ လူမှုရေးဆောင်ရွက်ပေးနေကြတဲ့ ပရဟိတအဖွဲ့တွေ စုပြီး ကချင်ပြည်နယ်မှာ သွားပြီးတော့ ကူညီနေကြပါတယ်။ သူတို့ အနေနဲ့ ဘယ်အထိသွားပြီး ဘယ်လိုကူညီမှာလဲဆိုတာကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၆ လပြည့်ခါနီးပြီဖြစ်တဲ့ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးကြသူတွေ ပိုပိုများနေချိန်မှာ မန္တလေးမြို့အခြေစိုက် ပရဟိတလုပ်နေတဲ့ အဖွဲ့တွေ စုပေါင်းပြီးတော့ ကချင်ပြည်ဘက်က ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ကလေးများချစ်သူများ ကွန်ယက်ဆိုတဲ့ အဖွဲ့ဖွ့ဲပြီး စစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ကလေးတွေ ပြည်သူတွေကို ကချင်ပြည်နယ်အထိသွားပြီး ကူညီနေတာဖြစ်တယ်လို့ မန္တလေးမှာ ကျန်ခဲ့တဲ့ အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ထဲက အဖွဲ့ဝင်တချို့ မြစ်ကြီးနားကို ရောက်နေကြပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာမျိုးရဲ့ပတ်ဝန်းကျင်မှာ လုပ်ရတဲ့နေရာမျိုးတွေပေါ့။ အစိုးရသတ်မှတ်ထားတဲ့၊ သွားလို့ရတဲ့ နေရာမျိုးတွေကို ကျနော်တို့ မိတ်ဆွေတွေ သွားနေကြတယ်။ ဒီကတော့ အဝတ်အထည်တွေလည်း ပါတယ်၊ ငွေကြေးလည်းပါပါတယ်။ ဆန်တွေလည်း ပါပါတယ်။ တီးဝိုင်းတွေလည်း ပါပါတယ်။ ဆရာဝန်တွေလည်း လိုက်သွားကြပါတယ်ခင်ဗျ။ မနေ့ကတော့ တနာရီလောက်ကို မြစ်ကြီးနားကို ရောက်တယ်။ မြစ်ကြီးနားက မြို့ခံတွေနဲ့ ချိတ်ဆက်ပြီးတော့ သွားလို့ရတဲ့နေရာအထိ ဆက်ပြီး သွားနေတယ်ဆိုတော့ မနေ့က ကျနော်တို့ဆီ ဖုန်းဆက်လိုက်လို့ သိရတယ်။ မနေ့က မန္တလေးမြို့က ရှိတဲ့ဆရာဝန်တွေလည်း ထပ်ပြီးတော့ လိုက်သွားကြတယ်”

ခုလို ကချင်ပြည်ဘက်က စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့ နာရေးကူညီမှုအသင်းက ကိုကျော်သူနဲ့ အဖွဲ့လည်း မြစ်ကြီးနားဘက်ကို ရောက်နေပါတယ်။ မြစ်ကြီးနားမှာကို ဒုက္ခသည် စခန်းတွေက အများကြီး ရှိနေသလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာလည်း သွားလာရေး အခက်အခဲကြောင့် အားလုံးဆီသွားပြီး ကူညီဖို့ အခက်အခဲရှိတယ်လို့ ကိုကျော်သူက VOA မြန်မာပိုင်းကို ပြောပါတယ်။

“စခန်းတွေက တော်တော်များတယ်။ စခန်းတိုင်းကို သွားဖို့တော့ သိပ်တော့ မလွယ်ဘူး။ သွားရေးလာရေးကလည်း ခက်တယ်ဆိုတော့ ဟိုမှာက တော်တော် အခြေအနေဆိုးနေတယ်။ ဗန်းမော်ဘက်မှာက။ တိုက်ပွဲမဖြစ်တဲ့၊ ငြိမ်းချမ်းတဲ့နေရာက ဒုက္ခသည်တွေကို။ ဟိုဘက်မှာ တောထဲမှာက အများကြီးကျန်သေးတယ်။ တောထဲက နယ်စပ်ကျတော့ ခရစ္စယာန် charch တွေ ဘာတွေမှာ သွားပြီးနေတယ်။ အဲဒီဘက်မှာပါ တိုက်ပွဲဖြစ်တော့ တောထဲထွက်ပြေးရတယ်။ တောထဲနေတဲ့ ဒုက္ခသည်တွေကတော့ တော်တော် ဒုက္ခရောက်တယ်။ တောထဲမှာကတော့ အများအားဖြင့်ကတော့ ဒီမှာ ဒုက္ခသည်စခန်းတွေမှာ တွေ့တယ်ဆိုရင် ကလေးနဲ့ အမျိုးသမီးတွေပဲ တွေ့တာ များတယ်။ သက်ကြီးရွယ်အိုတွေက ကယ်ဆယ်ရေးစခန်းထိရောက်အောင် သိပ်မလိုက်နိုင်ဘူး”

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကြောင့် အစိုးရနဲ့ KIO ကြား တင်းမာလာခဲ့ပြီးတော့ တာပိန်ရေအား လျှပ်စစ် စီမံကိန်းလုံခြုံရေးကိစ္စနဲ့ June လဆန်းကစပြီး တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပါတယ်။ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတာကတော့ KIA တပ်မဟာ ၃ ရှိရာ ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ်ထဲက မိုင်ဂျားယန်နဲ့ ရှမ်းပြည်မြောက်ပိုင်းက တပ်မဟာ ၅ နယ်မြေဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ စစ်ဘေးဒုက္ခသည်တွေ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။ ကလေးများချစ်သူ ကွန်ယက်ကတော့ သူတို့ တတ်နိုင်သမျှအကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

“အဲဒီဒေသမှာရှိနေတဲ့ တကယ် ဒုက္ခရောက်နေတဲ့၊ သွားလာမှုခက်ခဲတဲ့နေရာမျိုးတွေကို ကျနော်တို့ နိုင်သလောက် အကူအညီပေးမယ်။ နောက်ထပ်လည်း ထပ်ပြီးတော့ သွားလာနိုင်ဖို့အတွက် လာပြီးတော့ လှူဒါန်းထားတဲ့ပစ္စည်းတွေ အများကြီးရှိပါတယ်။ တချို့ကလည်း ငွေကြေးလှူတယ်၊ တချို့လည်း အဝတ်အစားတွေလှူတယ်။ တချို့ကျတော့လည်း ဆန်အိတ်တွေလှူတယ်။ တချို့ကျတော့လည်း ဆေးတွေ လှူတယ်ပေါ့။ ပစ္စည်းကတော့ တော်တော်များများ စုံစုံလေး လှူကြပါတယ်ခင်ဗျ။ ရှေ့ကသွားနေတဲ့လူတွေ နောက်ကို မလိုက်နိုင်ရင်တောင် ပါဆယ်တွေနဲ့ မြစ်ကြီးနားအထိရောက်အောင် ထပ်ပြီးတော့ စီမံနေတယ်ခင်ဗျ”

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ကြရတဲ့ အတွက် ခုလို သွားလှုဖို့ ဖြစ်လာတာလို့ ကလေးများချစ်သူ ကွန်ယက်က ကိုသိန်းမြင့်အောင်က ဆိုပါတယ်။

“တချို့တွေကပေါ့နော်၊ မိဘတွေနဲ့ သားသမီးတွေက တကွဲတပြားစီဖြစ်နေတယ်။ တရုတ်ပြည်ဘက်ကို ရောက်သွားတာတွေ ရှိတယ်။ တချို့ကျတော့ မန္တလေးဘက်ကို ဆင်းလာတာတွေ ရှိတယ်ပေါ့။ တချို့ကျတော့လည်း ကျန်းမာရေး တော်တော် ချို့ယွင်းလာတဲ့ အနေအထားတွေ ရှိတယ်လေ။ ကျနော်တို့ ကြားသိရတဲ့သတင်းတွေမှာ စိတ်မကောင်းဖြစ်ပြီး ဝိုင်းကူညီနေကြတာပါခင်ဗျာ”

တိုက်ပွဲတွေဖြစ်နေချိန် ဒုက္ခသည်တွေကိုအကူအညီပေးတာထက် စစ်ပွဲတွေပြီးသွားချိန်မှာ ဆက်ပြီး အကူအညီပေးနိုင်ဖို့ အရေးကြီးတယ်လို့ မြစ်ကြီးနားမှာ ကိုယ်တိုင်ရောက်ပြီးတော့ ကူညီနေတဲ့ နာရေးကူညီမှုအသင်းက ကိုကျော်သူက သုံးသပ်ပါတယ်။

“စစ်ပွဲအခု ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေက သွားနိုင်သလောက် သွားပေးတယ်။ ဥပမာ ယူအဲန်အဖွဲ့တွေလည်း ရောက်နေတယ်။ သို့သော် စစ်ပွဲပီးသွားပြီ၊ ငြိမ်းချမ်းရေးယူလိုက်ပြီဆိုရင် UN အဖွဲ့တို့၊ ကယ်ဆယ်ရေးအဖွဲ့တို့က ပြန်ကြတော့မယ်။ ပြန်တဲ့အခါကျတော့မှ သူတို့ ပိုပြီး ဒုက္ခရောက်မယ်။ ဘာလို့လဲဆိုတော့ သူတို့ လယ်တွေ၊ မြေတွေ၊ သီးနှံစားပင်တွေက မရှိတော့ဘူး။ အကုန် ပျက်စီးကုန်ပြီ။ အိမ်ယာတွေအားလုံးစွန့်ပြီး ပြန်လာရတာ။ အဲဒီဟာကို ပြန်ပြီးတော့ ပျိုးထောင်ဖို့၊ နောက် 2012 မှာ စားဝတ်နေရေးက တော်တော်ကြပ်တည်းသွားလိမ့်မယ်။ အဲဒါတော့ ကျနော်တို့ ကြိုမြင်တာပေါ့လေ။”

အခုလက်ရှိ မြစ်ကြီးနားမြို့မှာကို လုံခြုံရေးတင်းကြပ်နေပြီး ညဘက်အပြင်ထွက်ဖို့လည်း အခက်အခဲ ရှိနေတဲ့အတွက် ဒုက္ခသည်အကူအညီပေးသူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ ငွေကြေးအပြင် ချက်ပြုတ် စားသောက်စရာတွေ၊ အဝတ်အထည်တွေ လိုအပ်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်ရှင်။

XS
SM
MD
LG