သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်ပေမယ့် တိုးတက်မှုမတွေ့ရ


အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်ပေမယ့် တိုးတက်မှုမတွေ့ရ
အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်ပေမယ့် တိုးတက်မှုမတွေ့ရ

မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမားထုတရပ်လုံးကို အကာကွယ်ပေးနိုင်မယ့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဥပဒေကို ပြဌာန်းလိုက်ပေမဲ့လို့ ဒီဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဟန့်အတားတွေ ရှိနေဆဲဖြစ်တယ်လို့ အီတလီအလုပ်သမားရေးရာ လှုပ်ရှားမှုအဖွဲ့ ICWTU ရဲ့ တာဝန်ရှိသူတဦးက ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့နဲ့တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

မကြာသေးခင်တုန်းကပဲ အလုပ်သမား ဥပဒေသစ်တရပ် ထွက်ပေါ်လာပေမဲ့ အခြေအနေတွေဟာ လိုအပ်သလောက် ပြည့်စုံမှုမရှိဘူးလို့ အီတလီ အလုပ်သမားရေးရာ လှုပ်ရှားမှုအဖွဲ့ Italian Confederation of Workers' Trade Unions (ICWTU) ကပြောလိုက်တာပါ။ အဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ စ္စစ် စီစီလီယာ ဘရိတ်ကီ က - မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ကလေးစစ်သားစုဆောင်းမှုတွေ ရှိနေဆဲဖြစ်ပြီး - မကြာသေးခင်က အစိုးရက ပြဌာန်းခဲ့တဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခွင့်တွေဟာလည်း တကယ်တမ်းမှာ အဟန့်အတား အနှောင့်အယှက်တွေ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ NLD တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးအုန်းကြိုင် က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်နဲ့ပတ်သက်လို့ သူတို့လာပြီးတော့ လေ့လာနေတဲ့အကြောင်း သူတို့ရဲ့ သဘောထားတွေကို တင်ပြပါတယ်။ မြန်မာနိုင်ငံမှာက အဓမ္မလုပ်အားပေးခိုင်းစေမှု ရှိနေသေးတယ်၊ ကလေးစစ်သားစုဆောင်းမှုတွေလည်း ရှိနေသေးတယ်။ အဲ့ဒီ အခြေအနေကနေ အခု အလုပ်သမားဥပဒေတွေ ဘာတွေ ပြဌာန်းလိုက်ပြီလို့တော့ သိရတယ်ပေါ့။ ဒါပေမဲ့ အလုပ်သမားတွေက အလုပ်သမား သမဂ္ဂတို့ ဘာတို့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့အခါမှာ သက်ဆိုင်ရာက အမျိုးမျိုးနဲ့ပေါ့ဗျာ-အချိန်မတန်သေးဘူးတို့၊ ဥပဒေက အတည်မဖြစ်သေးဘူး တို့၊ ဥပဒေက အသက်မဝင်သေးဘူးတို့ ပြောနေတဲ့အကြောင်းပြချက်တွေလည်း ကြားနေရတယ်ပေါ့။ သူပြန်သွားရင်တော့ သူက မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်ရေးအတွက်ပေါ့ဗျာ၊ အလုပ်သမားအကျိုးကို တကယ် စစ်မှန်စွာသယ်ပိုးနိုင်တဲ့ အလုပ်သမား သမဂ္ဂတွေ၊ ပေါ်ပေါက်ထွက်ပေါ်လာဖို့အတွက် သူတို့ တတ်နိုင်သလောက် ဆက်ပြီးတော့ ပံ့ပိုးမယ်ဆိုပြီး ပြောသွားတယ်လို့ ကြားရပါတယ်”

အင်္ဂါနေ့မနက် ရန်ကုန် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CEC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒီလို တွေ့ဆုံမှုအတွင်း NLD ဘက်ကလည်း မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အခွင့်အရေးအတွက် သီးခြားလွတ်လပ်စွာဆောင်ရွက်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေ ပေါ်ပေါက်လာရေးဟာ NLD ရဲ့ မူဝါဒဖြစ်တယ် ဆိုတာကို ပြန်လည်ပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆွေးနွေးချက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒါ့အပြင် မစ္စစ် စီစီလီယာ ဟာ - NLD နဲ့ မတွေ့ဆုံခင်မှာ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရကနေ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဥပဒေထဲမှာ - အဖွဲ့အစည်း ဖွဲ့စည်းခွင့်နဲ့ အလုပ်ရှင်တွေကို သပိတ်မှောက် ဆန္ဒပြခွင့်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်ချက်တွေပါရှိနေပြီး - ၁၉၆၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ အလုပ်သမားသမဂ္ဂဥပဒေလောက် လွတ်လပ်မှုမရှိဘူးဆိုပြီး တချို့ အလုပ်သမားအဖွဲ့တွေကလည်း ဝေဖန်နေကြတာပါ။

အထူးသဖြင့် ဆန္ဒပြခွင့်ဆိုတဲ့နေရာမှာ ဆန္ဒမပြခင် အနည်းဆုံး ၁၄ ရက်ကြိုတင်ပြီး အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့ကို အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သပိတ်မှောက် ဆန္ဒပြမှုဆိုတာ သတ်မှတ်ထားပြီး ဒါတွေကို ချိုးဖောက်ရင် ဆန္ဒပြအလုပ်သမားတွေကို ငွေဒဏ်ရော ထောင်ဒဏ်ပါ အပြစ်ပေးနိုင်တယ်ဆိုတဲ့အချက်မျိုးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ တဘက်မှာတော့ အလုပ်သမားသမဂ္ဂတွေအနေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေနဲ့ ဆက်ဆံခွင့် ပေးထားပါတယ်။ အလုပ်ရှင် အလုပ်သမားပြဿနာမှာလည်း အလုပ်သမား သမဂ္ဂအနေနဲ့ ကိုယ်စားပြုပြီး ပါဝင်ခွင့် ပေးထားတာတွေကို တွေ့ရပါတယ်။

XS
SM
MD
LG