သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေ သာယာဝပြောရေး ရဟန်းမင်းကြီးမေတ္တာပို့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၁၀၀ ပြည့် စိန့်မေရီဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်စဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၁၀၀ ပြည့် စိန့်မေရီဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်စဉ်။



မြန်မာပြည်သူတွေအားလုံး ဘာသာရေး လွတ်လပ်ခွင့်နဲ့ ကောင်းကျိုးမင်္ဂလာ ခံစားနိုင်ကြဖို့ အတွက် ပုပ်ရဟန်းကြီး Benedict က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ရန်ကုန်မြို့က သမိုင်းဝင် St. Mary Cathedral ဘုရားရှိခိုးကျောင်း အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနောက်ဆုံးနေ့မှာ ခုလို ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကားကို ပါးလိုက်တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ကိုယ်စား Cardinal ဘုန်းတော်ကြီးတပါးလာရောက်တဲ့ ဘာသာရေးအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး Cardinal ဘုန်းတော်ကြီးနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြထားပါတယ်။

နှစ်ပေါင်း ၁၀၀ ပြည့်သွားပြီဖြစ်တဲ့ ရန်ကုန် ဗိုလ်အောင်ကျော်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဒေါင့်က St. Mary Cathedral ဘုရားရှိခိုးကျောင်းအတွက် အထိမ်းအမှတ် အခမ်းအနားပိတ်ပွဲကို ဒီနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ လုပ်ခဲ့တာမှာ အနယ်နယ် အရပ်ရပ်က Roman Catholic ဘာသာဝင်ပေါင်း ထောင်နဲ့ချီ လာရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ထူးခြားတာက ပုပ်ရဟန်းမင်းကြီးရဲ့ကိုယ်စား Vatican ကနေ Cardinal ဘုန်းတော်ကြီး Renato Raffaele Martino ကြွရောက်ပြီး ပုပ်ရဟန်း မင်းကြီးရဲ့ အမှာစကားကို ဖတ်ကြားသွားခဲ့တာပါ။ ဆုတောင်းဝတ်ပြုပွဲမှာရှိနေတဲ့ Catholic ဘာသာဝင် အဆိုတော့ သံသာဝင်း ပြန်ပြောပြတာက-

“သူကတော့ သူ့လက်တင်ဘာသာနဲ့ရော ဗမာဘာသာနဲ့ရော၊ အင်္ဂလိပ်ဘာသာနဲ့ရော translate လုပ်ပေးတယ်ပေါ့နော်။ ဒီပွဲတော်မှာ ပါဝင်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း နောက်ပြီးတော့ ဘုရားကိုကျေးဇူးတင်တဲ့အကြောင်း အများကြီးပဲရှင့်၊ ဖတ်သွားတာတော့ အများကြီးပဲ။ နောက်ပြီးတော့ တိုင်းရင်းသားတွေအကုန်လုံးလည်း စည်းစည်းလုံးလုံး ဘုရားကိုဆက်ကပ်ဖို့ အဲဒါတွေလည်းပါတယ်”

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံမှာရှိကြတဲ့ Catholic ဘာသာဝင်တွေကို အားပေးထားသလို အသင်းတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်အားလုံး၊ တခါ မြန်မာနိုင်ငံက အရပ်ဘက် ဆိုင်ရာ၊ ဗုဒ္ဓဘာသာအပါအဝင် ဘာသာရေးဆိုင်ရာ အာဏာပိုင်တွေကိုလည်း မေတ္တာစကား ပါးခဲ့ ပါတယ်။ ဒါ့အပြင် ဘာသာရေးလွတ်လပ်ခွင့်နဲ့ သုခချမ်းသာကို လူသားတိုင်းရရှိနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးထားတဲ့ အမှာစကားကို Cardinal ဘုန်းတော်ကြီး Martino က ဖတ်ကြား ပြခဲ့ပါတယ်။ St. Mary Cathedral ဘုရားရှိခိုးကျောင်း အနှစ် ၁၀၀ ပြည့်ပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ Catholic ဘုန်းတော်ကြီး အပါး ၁၀၀ ကျော်လည်း လာပြီး ဆုတောင်း ဝတ်ပြုခဲ့ကြပါတယ်။ ကောင်ချီးမင်္ဂလာ ယူနိုင်ဖို့ အနယ်နယ် အရပ်ရပ်က လာကြတဲ့ RC ဘာသာဝင်တွေလည်း ထောင်နဲ့ ချီရှိပါတယ်။

“သံသာတို့ မနက်အစောကြီး ၇ နာရီခွဲလောက်ကတည်းက ရောက်နေပြီးတော့ အဖွင့်သီချင်းဆိုတယ်။ လူတွေက အရမ်းများလာတဲ့အခါကျတော့ အဲဒီကစပြီးတော့ Choral မှာပဲ နေရာယူတယ်။ Choral မှာကလည်း ဆိုတဲ့ကလေးတွေက ၁၅၀ လောက်ရှိတယ်။ စည်းကမ်းတွေလည်း အများကြီးချထားတယ်။ security တွေလည်း အများကြီးချထားတယ်။ တော်တော်လေး စည်းကမ်းရှိရှိနဲ့ လူတွေလာကြတာတွေ့ရတယ်။ အပြင်မှာတော့ တိုးလို့တောင်မရဘူးတဲ့။ ရောက်ရင် ရောက်တဲ့နေရာမှာပဲ ရပ်ပြီးတော့ နေရတယ်လို့ ပြောတယ်။ သူတို့ မော်နီတာနဲ့ပြတယ်။ Charch ထဲမှာလေ။ လူတွေမှ အများကြီးပဲ။ အားလုံးပူနေကြတယ်။ အားလုံးထီးတွေနဲ့ တော်တော်လေးကို စိတ်ရှည်ရှည်နဲ့ ဝတ်ပြုကြတာတွေ့တယ်။ ဒီ ၁၂ နာရီကျော်လောက်အထိကို”

ဝတ်ပြုဆုတောင်းပွဲ မစခင်ကတည်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း St. Mary Cathedral ဆီကိုရောက်လာပြီး Cardinal ဘုန်းတော်ကြီး Martino နဲ့ နာရီဝက်လောက် သီးသန့်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံကြစဉ် ဘာတွေပြောကြသလဲဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီး Benedict အတွက် အပြန်အလှန် သတင်းစကား ပါးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

“သံသာတို့က သွားတာသွားတယ်။ အန်တီစုလာမယ်ဆိုတာကို မသိဘူးပေါ့နော်။ ဒါပေမယ့် ဒီပွဲမစခင်ပေါ့နော်- နောက် ဒီ mask ကြီး မစခင် အထဲကိုဝင်သွားတော့ လူတွေက အကုန်လုံးလက်ခုပ်တွေတီးကြပြီးတော့ တီးကြတယ်ပေါ့နော်။ နောက်ပြီး အကုန်လုံးလည်း ထပြီးတော့ ဒါ Cardinal ကြီးလာလို့ ကြိုဆိုတယ်ထင်တာ။ ကြည့်လိုက်တဲ့အချိန်မှာ အန်တီစုက ဘေးပေါက်ကနေ ဝင်လာတာတွေ့တော့ သူ့ကို အားလုံး အရမ်းကြိုဆိုတယ်။ အရမ်းပျော်သွားတယ်။ အန်တီစုကို မထင်ဘဲနဲ့တွေ့လိုက်ရလို့။ သူက အစောကြီးကတည်းကရောက်လာပါတယ်။ ပွဲမစခင်ကတည်းကပေါ့နော်။ ဒီမှာ စတဲ့အခါကျတော့ ပထမဦးဆုံး ဘစ်ရှော့ကနေပြီးတော့ ကျေးဇူးတင်တဲ့အကြောင်း ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဒီလိုမျိုး တက်လာတဲ့ဟာကိုလည်း အရမ်းကို ဝမ်းသာတယ်ဆိုတာနဲ့စတယ်။ စတော့ လူတွေ လက်ခုပ်တွေတီးကြတယ်။ အားလုံး sisters တွေရော၊ brother တွေရော၊ အားလုံးလူထုကရောပဲ။ သူ့နာမည်ကိုကြားတဲ့အခါ၊ သူ့ကို မော်နီတာမှာပြတော့ အရမ်းကို ကြိုဆိုကြတယ်။ အရမ်းကိုဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဘာသာရေးတွေကအစပေါ့နော်။ အန်တီစုဆိုလို့ရှိရင် သံသာတို့ အာရ်စီမဟုတ်ပေမယ့် အခုလို မာ့စ်ဆီကိုတက်လာတယ်။ ခရစ်ယာန်ကိစ္စတွေမှာလည်း အန်တီစုက တက်တက်ကြွကြွနဲ့ ပါဝင်ပေးတာကို အရမ်းကို လေးလည်းလေးစားတယ်”

လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းကစပြီး စီစဉ်ခဲ့တဲ့ပွဲမှာ Cardinal ဘုန်းတော်ကြီးရဲ့ ဝတ်ပြုဆုတောင်း ပေးမှုကို ခံရတာကြောင့်ရော၊ စည်စည်ကားကားရှိတဲ့အတွက်ပါ ကြည်နူးပီတိဖြစ်ရတယ်လို့ အဆိုတော် သံသာဝင်းက ပြောပါတယ်။ November လ ၂၉ ရက်နေ့ထဲက စပြီး ကျင်းပနေတဲ့ St. Mary Cathedral ဘုရားရှိခိုးကျောင်းရဲ့ အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဒီကနေ့ ကြာသပတေးနေ့ ဆုတောင်းဝတ်ပြုပွဲ၊ ဘုရားသီချင်းတွေ သီဆိုပွဲနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ St. Mary Cathedral ကြီးကို ၁၉၁၁ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဒီ ဘုရားရှိခိုးကျောင်းကြီးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး တည်ရှိတဲ့ Cathedral ဘုရားရှိခိုးကျောင်းကြီးဖြစ်ပါတယ်ရှင်။

XS
SM
MD
LG