သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ်အငြင်းပွားမှု ဒေါ်စုကိုယ်တိုင်ရင်ဆိုင်မည်


နေအိမ်အငြင်းပွားမှု ဒေါ်စုကိုယ်တိုင်ရင်ဆိုင်မည်
နေအိမ်အငြင်းပွားမှု ဒေါ်စုကိုယ်တိုင်ရင်ဆိုင်မည်

ဦးအောင်ဆန်းဦးက နေအိမ်အမွေရလိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုမှာ တရားပြိုင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်အခွင့်ရ ကိုယ်စားလှယ်မထားဘဲ သူကိုယ်တိုင် ရုံးတော်မှာ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီ အမွေဆိုင်အမှုရဲ့ ရုံးချိန်းတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးကို လျောက်ထ ားခဲ့ကြတာပါ။ ဒီအမှု အခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို သူလည်း အမွေဆိုင်ပိုင်တယ်ဆိုပြီး အကိုဖြစ်တဲ့ ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမှုဟာ ဒီကနေ့ မနက်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး အမှတ် (၂) တရားရုံးမှာ ရုံးချိန်းရှိခဲ့ပါတယ်။

ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်မထားဘဲ ကိုယ်တိုင်ရင်ဆိုင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်းက ဒီကနေ့ ရုံးတော်မှာ လျှောက်ထားခဲ့ကြတာပါ။

၂၀၀၁ ခုနှစ်ထဲက ဦးအောင်ဆန်းဦး စွဲဆိုထားတဲ့ ဒီတရားမမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ဖြစ်နေတာမို့ တရားဝင်အခွင့်ရ ကိုယ်စားလှယ်ထားပြီး ဒီအမှုကို ရင်ဆိုင်ခဲ့ရတာပါ။ အခု တော့ ဒီအခွင့်ရကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ရှေ့နေကြီး ဦးထွန်းတင်လည်း ဆုံးပါးသွားပြီမို့ အမှုကို နောက်ထပ်အခွင့်ရ ကိုယ်စားလှယ်မထားဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရင်ဆိုင် သွားမှာ ဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေသူထဲက တဦးဖြစ်တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေပြီးတော့ သူ့ကိုယ်စား မရှိတဲ့အတွက်ကြောင့် သူကိုယ်တိုင် လိုအပ်လို့ရှိရင်တော့ တရားရုံးကို သူ ကြွရပါလိမ့်မယ်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ (၃)၊ နည်းဥပဒေ (၁) အရ ၃/၁ ကိုယ်စားလှယ် သွင်းဖို့အတွက်ကို၊ တရားဝင်အခွင့်ရ ကိုယ်စားလှယ် သွင်းဖို့အတွက်ကို ဒီနေ့ချိန်းထားပါတယ်။ ချိန်းထားတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ မသွင်းတော့ပါဘူး၊ ပထမသွင်းထားတဲ့ ဆရာဦးထွန်းတင်က ဆုံးသွားတဲ့အတွက်ကြောင့် သူ့ကိုယ်စား နောက်ထပ်အသစ်တယောက် သွင်းရမှာ မသွင်းတော့ပါဘူးလို့ ရုံးကို တင်ပြတယ်။ တရားပြိုင်က သူ့ရဲ့ ကိုယ်စားလှယ်မရှိတဲ့အတွက်ကြောင့် တရားရုံးကဆင့်ခေါ်ရင်တော့ တရားပြိုင်ကတော့ ရုံးရှေ့လာရလိမ့်မယ်”

အမှုအနေအထားအရတော့ တရားလိုဘက်က စစ်ဆေးတာတွေ ပြီးနေပြီ ဖြစ်ပြီး အခု တရားပြိုင် ဘက်က သက်သေတွေကို စစ်ဆေးရမယ့် အဆင့်ရောက်နေပါပြီ။

“တရားလိုဘက်တွေ စစ်ပြီးသွားပြီ၊ ပထမဦးဆုံး ဒီဥစ္စာက ဘာထုတ်ရလဲဆိုလို့ရှိရင် တရားမမှုဖြစ်တဲ့ အတွက် ငြင်းချက်ဆိုတာ ထုတ်ရပါတယ်။ ငြင်းချက်ထုတ်ပြီးတဲ့အခါကျတော့ တရားလိုဖြစ်တဲ့ ဦးအောင်ဆန်းဦးဘက်ကနေ သူ့ရဲ့အခွင့်ရကိုယ်စားလှယ်တွေရယ်၊ နောက်တခုက ကျနော်တို့ သူ့ရဲ့တရားလိုပြသက်သေတွေကို စစ်ချက်ပြီးပါပြီခင်ဗျ။ စစ်ပြီးတဲ့အခါ တရားပြိုင်ဘက်ကို စပြီးစစ်ဖို့အတွက်မှာ ဆရာဦးထွန်းတင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စဉ် အချိန်ကာလတုန်းက ဆရာဦးထွန်းတင်ကို အစ အဆုံး စစ်ပြီးသွားပါပြီခင်ဗျ၊ စစ်ပြီးတဲ့အခါကျ နောက်ထပ် တရားပြိုင်ပြ သက်သေတွေကို စတင်စစ်ဆေးရမယ့် အချိန်ကို ရောက်သွားပါပြီခင်ဗျ”

အရင်က ဒီအမှုကို ရန်ကုန်တိုင်းတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပေမယ့် နောက်ပိုင်း ခရိုင်တရားရုံးကို လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

“အဆင့်ဆင့် ပြောင်းလာခဲ့တဲ့အခါကျ အခု နောက်ဆုံး အမှုတန်ဖိုးအရ သိန်း ၂,၀၀၀ ကျော်ပဲဖြစ်တဲ့ အတွက်ကြောင့် ခရိုင်တရားရုံးကို ရောက်သွားတယ်ခင်ဗျ။ ပြန်ဆင်းသွားတာပေါ့။ အရင်တုန်းက တိုင်းအဆင့်မှာ။ တိုင်းအဆင့်ကနေပြီးတော့ အခု ခရိုင်အဆင့်ကို ရောက်သွားတာ။ အမှုရဲ့တန်ဖိုး အလိုက် စီမံခွင့်အာဏာအရ ခရိုင်တရားသူကြီးဆီကို ရောက်သွားတာပါခင်ဗျ”

ရှေ့နေ ဦးလှမျိုးမြင့်ပါရှင်။ ဒီနေအိမ်အမွေဆိုင်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့အတူ ဦးလှမျိုးမြင့်အပြင် ဒေါ်ခင်ဌေးကြွယ်တို့က လိုက်ပါ ဆောင်ရွက်ပေးနေသလို ဦးအောင်ဆန်းဦးဘက်ကတော့ တရားလွှတ်တော်ရှေ့နေ၊ စစ်ကိုင်း ဦးအေးလွင်က လိုက်ပါဆောင်ရွက်နေတာဖြစ်ပါတယ်၊။ဒီအမှုကို တလ တကြိမ် ရုံးချိန်းနဲ့ စစ်ဆေး နေတာ ဖြစ်ပြီး နောက်လ ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့မှာ နောက်ထပ် ရုံးချိန်း ချိန်းဆိုထားပါတယ် ရှင်။

XS
SM
MD
LG