သြစတြေးလျားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဖြန့်ချဖို့ စီစဉ်ခဲ့တဲ့ မကြာသေးခင်က ကြေညာချက်ဟာ ဒေသတွင်းမှာ တရုတ်ရဲ့သြဇာ ကြီးထွားလာမှုကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဌာန အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တရုတ်နဲ့ ဘယ်လိုမှ မပတ်သက်ဘူးလို့ အမေရိကန် မူဝါဒရေးရာ လက်ထောက်ကာကွယ်ရေး ဝန်ကြီး မီချဲ ဖလော်နွိုင်း (Michele Flournoy) က တရုတ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။
သြစတြေးလျားမှာ အမေရိကန် မရိမ်းတပ်သား ၂၅၀၀ လောက်အထိ ဖြန့်ချဖို့ နိုဝင်ဘာလမှာ အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား ကြေညာခဲ့ပြီးကတည်းက ထိပ်တန်းအဆင့် ဆွေးနွေးမှု အတွက် မစ္စစ် ဖလော်နွိုင်းဟာ ပီကင်းမှာ တရုတ်အစိုးရအရာရှိတွေနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့တာပါ။
ဒါပေမဲ့ အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ - ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အား ကြီးထွားလာနေတာ အပေါ် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်ဆိုတဲ့ ထင်ကြေးတချို့ ရှိနေပေမဲ့လည်း သမ္မတ အိုဘားမားကတော့ ဒီဆုံးဖြတ်ချက်ဟာ အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကို ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်ဘက်ကတော့ ဒါဟာ မသင့်လျော်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီလို မလုပ်ခင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရင်ဆုံး ဆွေးနွေးသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။