ဆီးရီးယားအစိုးရတပ်တွေက နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ လူပေါင်း ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီးတော့ ဒါဇင်ပေါင်းများစွာကို ဒဏ်ရာရရှိသွားစေခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံတွင်းမှာ နိုင်ငံရေးအဓိကရုဏ်းအတွင်း သေဆုံးသူဦးရေ ၅,၀၀၀ လောက် ရှိသွားပြီလို့ ပြောပါတယ်။
လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့ရဲ့ အပြောအရ မကြာခင်က ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေဟာ တူရကီနယ်စပ်၊ အီလစ်ပ် ခရိုင်အတွင်းမှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။
မတ်လကစပြီး ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအဓိကရုဏ်းအတွင်း သေဆုံးသူအရေအတွက်ဟာ ၅ ထောင်ထက်တောင် ကျော်ဖွယ်ရှိတဲ့အကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေဆီက အစီရင်ခံစာ ရရှိထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ နာဗီပီလေးက ပြောပါတယ်။
ရရှိထားတဲ့အထောက်အထားတွေအရ စနစ်တကျ စီစဉ်သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေဟာ လူသားအချင်းချင်းအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အတွက် ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကို လွှဲပြောင်းပေးဖို့ သူမအနေနဲ့ တင်ပြမှာဖြစ်တယ်လို့ ပီလေးက ပြောပါတယ်။
လမ်းဆုံမြို့ကြီးဖြစ်တဲ့ ဟွန်းမြို့မှာ ကြီးမားတဲ့တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်တယ်လို့လည်း ပီလေးက သတိပေး လိုက်ပါတယ်။ ဆီးရီးယားနိုင်ငံပိုင် သတင်းစာဖြစ်တဲ့ ဆာရာကတော့ နယ်စပ်က အစိုးရတပ်ဖွဲ့တွေဟာ တူရကီဘက်ကနေ ဝင်လာတဲ့ အကြမ်းဖက်သမား ၁၅ ဦးနဲ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမား ၂ ဦး သေဆုံးသွားတယ်လို့ ကြေညာခဲ့ပါတယ်။