သုံးရလွယ်ကူစေသည့် Link များ

NLD ပါတီ ထူထောင်ခွင့်ရပြီ


NLD ပါတီ ထူထောင်ခွင့်ရပြီ
NLD ပါတီ ထူထောင်ခွင့်ရပြီ

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ လိုအပ်တာတွေကို စလုပ်နေပြီလို့ NLD ကပြောပါတယ်။ ပါတီကို အသစ် ပြန်လည် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်မှုတွေလုပ်နေတဲ့အကြောင်း နောက်ဆုံးအခြေအနေကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြထားပါတယ်။

လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်နယ်နဲ့တိုင်းအစုံက အဖွဲ့ဝင် ၂၁ ယောက် နာမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားတာကို ခွင့်ပြုလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အသိပေး အကြောင်းပြန်ခဲ့တာပါ။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ပထမအဆင့် ကျော်သွားပြီဖြစ်လို့ နောက်တဆင့် ဘာတွေလုပ်ရမယ် ဆိုတာကို NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုရှင်းပြပါတယ်။

“ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့ အကြောင်းကြားစာရပြီဆိုရင် ကျနော်တို့လုပ်ရမှာက စတင်တည်ထောင်ဖို့ သွားပြီးတင်တဲ့ ၂၁ ယောက် ထဲက ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် ရွေးရမယ်။ ရွေးပြီးတဲ့အခါကျ ကျနော်တို့ပါတီရဲ့နာမည်၊ ပါတီရဲ့အလံတော်၊ ပါတီရဲ့တံဆိပ်၊ ပါတီရဲ့သင်္ကေတ၊ ပါတီရဲ့မူဝါဒလမ်းစဉ်၊ ပါတီရဲ့ဘယ်လို ဖွဲ့စည်းမယ်ဆိုတဲ့ ဖွဲ့စည်းပုံ၊ အဲဒါတွေကို ပြုစုပြီးတော့ အဲဒီ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်တွေက နေပြည်တော် ကော်မရှင်ကို သွားတွေ့ပြီးတော့ မှတ်ပုံတင်ရမှာ။ အဲဒီအဆင့်ကိုလုပ်ဖို့ ဦးဉာဏ်ဝင်းတို့ ပြင်ဆင်နေကြတယ်”

ခေါင်းဆောင်တွေကို သဘောတူ ရွေးချယ်မယ့် အစည်းအဝေးမှတ်တမ်း မိတ္တူကိုလည်း ပါတီမှတ်ပုံတင်ခွင့်လျှောက်တဲ့အခါ ပေးဖို့ လိုတဲ့အတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြတဲ့ ၂၁ ယောက်လုံး ပြန်ဆုံပြီး ဆုံးဖြတ်ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၁ ယောက်ထဲမှာ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ အဖွဲ့ဝင်တွေလည်း ပါတာမို့ ဘယ်တော့ အချိန်အတိအကျဖြစ်နိုင်မလဲဆိုတာ မပြောနိုင်ပေမဲ့ အမြန်ဆုံး ကြိုးစားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

တကယ်လို့ ပါတီမှတ်ပုံတင်ခွင့် ရသွားပြီဆိုရင်တော့ ပါတီအဖွဲ့ဝင်အင်အား စည်းရုံးခွင့်ပါရမှာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီအခါကျရင် ၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ NLD ပါတီဆိုတာ ရှိတော့မှာ မဟုတ်တဲ့အတွက် လက်ရှိ ပါတီဝင်တွေက ဘယ်လို ဖြစ်သွားမှာပါလဲ၊ ဦးအုန်းကြိုင်ကတော့ NLD ကို အသစ်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်လို့ လူဟောင်း လူသစ် အားလုံးအဖွဲ့ဝင်သစ် ပြန်လျှောက်ကြရမယ်လို့ ပြောပါတယ်။

“အဲဒီနေရာမှာ လူကြီးတွေရဲ့သဘောထားကတော့လေ လက်ရှိပါတီဝင်တွေလည်း အသစ်ပြန်ပြီးတော့ လျှောက်ထားကြမယ်၊ အဲလို လုပ်မယ်လို့ စိတ်ကူးရှိပါတယ်။ အဲဒီလို ညွှန်ကြားထားတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့သည်ပင်လျှင်ကို ပါတီဝင်အဖြစ်နဲ့ ပြန်ပြီးတော့ လျှောက်ကြရမှာပေါ့”

နောင်ကျင်းပမဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တယ်လို့ အသိပေး ကြေညာ ခဲ့ပြီးကတည်းက ရွေးကောက်ပွဲ အောင်နိင်ရေးအတွက်ကိုလည်း လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ အဖွဲ့ဝင် ၂၁ ယောက်ပါဝင်တဲ့ ဗဟို အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် နေရာ လစ်လပ်နေတဲ့ မြို့နယ်တွေ၊ ခရိုင်၊ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေဖွဲ့ကြဖို့ ဆောင်ရွက်နေတယ်လို့ NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အဲဒီလိုဖွဲ့ကြတဲ့ထဲမှာ အလွှာစုံကသူတွေ ပါဝင်နိုင်ဖို့ အဆိုပြုစာရင်းတွေကို သက်ဆိုင်ရာ ပါတီရုံးတွေဆီက တောင်းခံထားပါတယ်။

“အဆိုပြုစာရင်းထဲမှာတော့ လက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့ဝင်ဟောင်းတွေ၊ စည်းရုံးရေးမှူး အဟောင်းတွေလည်း ပါဖို့လိုသလို ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေ ပြီးတော့ လယ်သမားတွေ၊ အလုပ်သမားတွေ၊ NLD အောင်နိုင်ရေးအတွက် ပါဝင်ကူညီနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ တတ်/သိ ပညာရှင်တွေ၊ နိုင်ငံရေးသမားဟောင်းတွေ- အဲဒါတွေပါ အကုန်လုံး ပါဝင်အောင်စည်းရုံးပြီးတော့ အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ပြင်ဆင်ပါ၊ စည်းရုံးညှိနှိုင်း ဆွေးနွေးပြီးပြီဆိုရင်လည်း လျာထားစာရင်းပေါ့ဗျာ-အောင်နိုင်ရေးကော်မတီကိုတော့ အောက်ပါပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းသင့်ပါတယ်ဆိုတဲ့ လျာထားစာရင်း၊ ကျနော်တို့ဆီကို တင်ပါ ဆိုပြီးတော့ ဗဟိုအောင်နိုင်ရေးကော်မတီက ညွှန်ကြားထားတယ်၊ အဲဒီညွှန်ကြားစာအရ ပြည်နယ်၊ တိုင်း တော်တော်များများကတော့ စာရင်းတွေပို့နေတယ်။ ကျနော်တို့ဆီ တချို့ရောက်တာတွေ ရောက်နေပြီ”

ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲက အချက်တချို့ကို ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့ပြီးနောက် NLD က ပါတီမှတ်ပုံ ပြန်တင်ပြီး ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့တာပါ။ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်ရောက် အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD က ပြောထားပါတယ်။ နောင်ရွေးကောက်ပွဲတေ ွစည်းရုံးမဲဆွယ်တဲ့အခါ အနီရောင်အောက်ခံမှာ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါပြီး အောက်ဖက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတဲ့ အလံနဲ့အမှတ်တံဆိပ် သင်္ကေတကို အသုံးပြုသွားမယ်လို့ အသိပေးခဲ့သလို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့တဲ့ ခမောက်တံဆိပ်ကို လုံးဝ အသုံးပြုတော့မှာ မဟုတ်ဘူးဆိုတာကို တနင်္ဂနွေနေ့ကပဲ အစိုးရထုတ် သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။ သက်ဆိုင်ရာကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို အသိပေး ကြေညာခြင်း မရှိသေးပါဘူးရှင်။

XS
SM
MD
LG