သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအရာရှိတချို့ လိုင်ဇာရောက်


ကုလအရာရှိတချို့ လိုင်ဇာရောက်
ကုလအရာရှိတချို့ လိုင်ဇာရောက်

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရသူတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂဝန်ထမ်းတွေ ကချင်ပြည်နယ်ကို ရောက်လာပါတယ်။ ဒုက္ခသည်တွေရဲ့အခြေအနေကို အကဲခတ်ဖို့ ပထမဆုံး အကြိမ်အဖြစ် မနေ့နှောင်းပိုင်းက ကိုယ်စားလှယ်တွေ လိုင်ဇာမြို့ကိုရောက်လာချိန်မှာပဲ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲပါ။ သမ္မတက တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်တပ်ကို ညွှန်ကြားထားတဲ့နောက်မှာပဲ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားဖြစ်ပွားနေတဲ့ ၆ လကျော်ကြာ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စတဲ့မြို့တွေမှာ စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အစိုးရထိန်းချုပ်ရာမြို့ရွာတွေဆီ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကိုတော့ အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ထောက်ပံ့ကူညီပေးနိုင်ပေမဲ့ KIA ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသဘက်ကို ထွက်ပြေးခိုလှုံသူတွေကတော့ ထိရောက်တဲ့ ကူညီထောက်ပံမှုတွေ မရကြပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကုလသမဂ္ဂက ဝန်ထမ်းတချို့ဟာ ပထမဆုံးအကြိမ်အဖြစ် လိုင်ဇာမြို့ကို ရောက်ရှိလာပြီး ဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့အတွက် စတင်ဆောင်ရွက်နေပြီလို့ ရန်ကုန် ကုလသမဂ္ဂ ရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ဟုတ်ကဲ့ UN အဖွဲ့ရောက်နေပါတယ်ခင်ဗျ။ အဓိကကတော့ လိုအပ်တဲ့ ပစ္စည်းတွေ သွားပို့ဖို့ပါပဲခင်ဗျ။ ဒါက ပထမဦးဆုံးအကြိမ်ပေါ့နော်။ နောက်လည်း ဆက်ပို့ဖို့ ကြိုးစားအုံးမှာပါခင်ဗျ။ လက်လှမ်းမီတဲ့နေရာ အားလုံးကို ပို့ဖို့တော့ ကြိုးစားနေပါတယ်ခင်ဗျ။ ပစ္စည်းတွေ ပို့နိုင်တယ်ဆိုတာကလည်း အဘက်ဘက်နဲ့ ညှိနှိုင်းပြီးတော့ ဖြစ်ပေါ်လာတဲ့ ရလာဒ်တခုပေ့ါလေ။ ဒါကလည်း ကနဦးပဲရှိပါသေးတယ်ခင်ဗျ”

ဌာနေဝန်ထမ်း ၄ ယောက်ပါတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ မနေ့ညနေပိုင်းက လိုင်ဇာမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မနက်ဖန်မှ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

ဒီလို လာရောက်တဲ့အပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ကြိုဆိုကြောင်း၊ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ KIO အဖွဲ့အစည်းကတော့ ကြိုဆိုလက်ခံပါတယ်။ ဒါလည်း သူတို့ NGO အဖွဲ့အစည်းကနေပြီး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်တာပဲလို့ မှတ်ယူပါတယ်။ အဲဒါကြောင့် ဘာမှ ပြဿနာမရှိပါဘူး။ အဓိကကတော့ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့အတွက် လာပြီးလေ့လာတယ်လို့ပဲ မှတ်ယူတယ်ခင်ဗျ။ ဒုက္ခသည်တွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ကို ပေးထားပါတယ်”

လောလောဆယ်မှာတော့ ကုလသမဂ္ဂအဖွဲ့က စစ်ပြေးဒုက္ခသည်မိသားစု ၅၀၀ အတွက် လိုအပ်တဲ့ အိုး၊ ခွက်၊ ပန်းကန်စတာတွေနဲ့ ကလေးအဝတ်အစားတွေ၊ ရွက်ဖျဉ်တဲတွေ ထောက်ပံ့တာတွေ့ရကြောင်း ပြောပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရောက်ရှိချိန်ဟာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကချင်တပ်ဖွဲ့ကို ထိုးစစ် မဆင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ကို ဒီလ ၁၀ ရက်နေ့က ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

KIO ဘက်ကတော့ သမ္မတ ဦးသိန်းစိန်က ဒီလို ညွှန်ကြားထားပေမဲ့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ဆင်ရေးမလုပ်ဖို့ ထိုးစစ်မလုပ်ဖို့ ညွှန်ကြားထားပေမဲ့ မနေ့ကလည်း တိုက်ပွဲကဖြစ်တာပဲ။ အခုလည်း တိုုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ခင်ဗျ။ အခုလောလောဆည်ဖြစ်နေတာ ရတဲ့သတင်းကတော့ တပ်မဟာ ၃ ဒေသ တပ်ရင်း ၁၅ ဂွင်မှာဖြစ်နေတယ်။ မိုးမောက်မြို့နယ်လို့ ပြောလို့ ရတယ်။ အဲဒီဒေသမှာ ဖြစ်နေတာတော့ ၅ ရက်လောက်ရှိပါပြီ”

ဒေသခံတချို့ကတော့ ဒီကနေ့ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲမှာ အစိုးရတပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပေမဲ့ KIO ဘက်ကတော့ အတည်မပြုပါဘူး။

ကချင်ပြည်နယ်အတွင်း ဒီလိုတိုက်ပွဲတွေ ပြင်းထန်နေတဲ့တချိန်တည်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်ကနေ တပ်မ ၈၈၊ ၉၉ နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၀ လက်အောက်ခံတပ်ရင်းတွေ စုစုပေါင်း ၁၀ ရင်းလောက် တက်လာသလို မြစ်ကြီးနားမြို့ကိုလည်း မီးရထားနဲ့ အစိုးရတပ်ဖွဲ့တွေ လာရောက်နေတာရှိတယ်လို့ ဦးလနန်က ပြောပါတယ်။

KIO နဲ့ မြန်မာအစိုးရဟာ ဒီနှစ် ဇွန်လတည်းက တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့ဟာ အနည်းဆုံး ၅ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုအစိုးရရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးခဲ့ပေမဲ့ အခုချိန်ထိတော့ အပစ်အခတ် ရပ်စဲဖို့အတွက် သဘောတူညီချက်မရသေးပါဘူး။

မြန်မာအစိုးရကတော့ ဝ၊ မိုင်းလားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ သဘောတူညီချက် ရရှိထားကြောင်းနဲ့ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းတပ်မတော် SSA တောင်ပိုင်းနဲ့ ဗိုလ်နုတ်ခမ်းမွှေး ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG