သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ် မြန်မာပြည်သွားမည်


တရုတ်ဝန်ကြီးချုပ် မြန်မာပြည်သွားမည်
တရုတ်ဝန်ကြီးချုပ် မြန်မာပြည်သွားမည်

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ မဲခေါင်မြစ်ကြောင်းတလျှောက် ပါဝင်တဲ့နိုင်ငံများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် ရှေ့လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ရှိတယ်လို့ အစည်းအဝေးကို စီစဉ်သူတွေနဲ့ နည်းစပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့အရပ်သားအစိုးရသစ်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံရေး တွန်းအားပေးဖို့ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟယ်လာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အခု ဝမ် ရဲ့ ခရီးစဉ်ထွက်ပေါ်လာတာပါ။

တရုတ်နိုင်ငံဟာ မြန်မာအစိုးရနဲ့ ရေရှည်နီးနီးကပ်ကပ် ဆက်ဆံလာခဲ့တဲ့တိုင်းပြည်ဖြစ်ပြီး မြန်မာအစိုးရဖက်က တရုတ်နိုင်ငံနဲ့ ပြုလုပ်ထားတဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ အစီအစဉ်နဲ့တည်ဆောက်နေတဲ့ ဆည်ကာတာ စီမံကိန်းကို ရပ်ဆိုင်းလိုက်မှုက ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က မြန်မာနဲ့ အမေရိကန်ကန်အကြား ဆက်ဆံရေး တိုးတက်လာမှုက တရုတ်နိုင်ငံအပေါ်ခြိမ်းခြောက်မှုတခုအဖြစ် မမြင်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပီကင်းမြို့ကို သွားရောက်လည်ပတ်တဲ့ခရီးစဉ်အပြီး အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ ဒဲရက် မစ်ချယ် က အမေရိကန်နဲ့မြန်မာရဲ့ဆက်ဆံမှုကြောင့် တရုတ်နဲ့မြန်မာဆက်ဆံရေးအပေါ် မကောင်းတဲ့အကျိုးဆက် ဖြစ်ပေါ်စေနိုင်တဲ့ ရည်ရွယ်ချက်မျိုး အမေရိကန်နိုင်ငံမှာ စိုးစဉ်းမှမရှိဘူးလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က မြန်မာနိုင်ငံခရီးစဉ်အတွင်း အရပ်သားအစိုးရအသစ်အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အကောင်ထည်ဖေါ် လုပ်ဆောင်သွားမယ်ဆိုရင် ပိတ်ဆို့ အရေးယူ ထားတာတွေကို ယုတ်သိမ်းပေးဖို့ အမေရိကန်ဖက်က စဉ်းစားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံပိုင် သတင်းစာတစောင်က တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်ဖူးဆိုရင် မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံမှုကို ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ရေးသားခဲ့ပါတယ်။

တချို့ကတော့ ဝန်ကြီးကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ တရုတ်နဲ့နှစ်ပေါင်းရှည်ကြာ အပေါင်းအပါဖြစ်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ဘက် ယိမ်းလာအောင် ကျိုးပမ်းချက်တရပ်အဖြစ်မြင်နေကြပါတယ်။

XS
SM
MD
LG