တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို အခြား ၀န်ကြီးတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဒီလ ၁၄ ရက်နေ့က ဆုံးဖြတ် လိုက်ပါတယ်။ ဒီလိုတန်းတူအခွင့်အရေးရရှိဖို့ ဦးဆောင်တင်ပြခဲ့သူ တဦး ကတော့ ဒီဆုံးဖြတ်ချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ဖို့ အတွက် ကောင်းမွန်တဲ့အလားအလာဖြစ်ကြောင်း ပြောဆိုပေမဲ့ လူနည်းစုတွေရဲ့ အခြား အခွင့်အရေးတွေ အတွက်လည်း ဆက်လက် ဆောင်ရွက်ဖို့ လိုနေကြောင်း သုံးသပ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအတွင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ ခံစားခွင့်နဲ့ လုပ်ပိုင်ခွင့်တွေကို အခြားဝန်ကြီးတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့အတွက် အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၂၃ ဦးက ပြီးခဲ့လတည်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက တင်ပြထားခဲ့တာဖြစ်ပါတယ်။
ဒီလိုတင်ပြရတာဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးအဖြစ် သတ်မှတ်ထားပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ ဥပဒေနဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်ဆိုင်ရာ ဥပဒေတွေမှာကျ တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးတွေကို ၀န်ကြီးအဖွဲ့အစည်းအဝေးတိုင်းမှာ ပါဝင်တက်ရောက်ခွင့်မပေးတာနဲ့ အခြားခံစားခွင့်တွေမှာ တန်းတူမရတာတွေကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေကို အခြားဝန်ကြီးတွေနဲ့ တန်းတူ အခွင့်အရေး ပေးဖို့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကဆုံးဖြတ်လိုက်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်လည်း ပြောပါတယ်။
“မနေ့က ၁၄ ရက်နေ့ ဒီဇင်ဘာမှာ ကျနော်တို့ကြားနာတဲ့ဥစ္စာအကုန်လုံးကို ခုံအဖွဲ့က သုံးသပ်ပြီး စီရင်ချက်ချတာပါ။ စီရင်ချက် ချတဲ့အခါမှာ ကျနော်တို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့အတိုင်းပါပဲ၊ တိုင်းရင်းသားရေးရာ ကဏ္ဍဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်းလည်း ခုံအဖွဲ့က သဘောထားမှတ်ချက် ပေးပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဟာ အဆင့်တူတယ်။ အဆောင်အယောင်လည်းတူရမယ်၊ တာဝန်လုပ်ပိုင်ခွင့်လည်း တူရမယ်ဆိုတဲ့ သဘောနဲ့ မနေ့က ဆုံးဖြတ်ချက်ပေးတာပါ”
ဒေါက်တာအေးမောင်ဟာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ အခွင့်အရေးကို အခြား ၀န်ကြီးတွေနဲ့ တန်းတူအခွင့်အရေး ပေးဖို့အတွက်တင်ပြခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးမှာ တဦး အပါအ၀င် ဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကဆုံးဖြတ်ချက်ဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်ဆိုင်ရာ ဥပဒေက ပုဒ်မ၅နဲ့ ပုဒ်မ ၁၇က ပြဌာန်းချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိကြောင်းကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးတွေကို ၀န်ကြီးအဖွဲ့အစည်းအဝေးတိုင်းမှာ ပါဝင် တက်ရောက်ခွင့် ရရှိဖို့အတွက်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပါအချက်ကို ပြင်ဆင်ဖို့ ထပ်မံဆောင်ရွက်ဖို့ ရှိနေတယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။
ဒေါက်တာအေးမောင်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ဖို့အတွက် ကောင်းမွန်တဲ့အလားအလာဖြစ်ကြောင်း ပြောဆိုလိုက်ပြီး လူနည်းစုတွေရဲ့ အခြား အခွင့်အရေးတွေအတွက်လည်း ဆက်လက် ဆောင်ရွက်ဖို့ လိုနေကြောင်း သူက အခုလို ဆက်ပြောပါတယ်။
“အခုလို ပေးလိုက်တဲ့အခါကျတော့ လူမျိုးနွယ်စုတခုရဲ့ အဓိက၊ လူနည်းစုရဲ့ရပိုင်ခွင့်တွေပေါ့ဗျာ၊ သမိုင်းရယ်၊ စာပေယဉ်ကျေးမှုရယ်၊ ဓလေ့ထုံးစံလာတွေကို ကျနော်တို့က ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်အောင်၊ ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ကျနော်တို့ ပိုလုပ်လာနိုင်တယ်ပေါ့လေ။
ပြည်ထောင်စုကြီးအတွက်လည်း ပိုကောင်းလာနိုင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက်လည်း ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ဖြစ်အောင် ရှေ့ဆက်ပြီး သွားလာနိုင်တဲ့သဘောမျိုး ဖြစ်လာနိုင်တာပေါ့ဗျာ။ ဒီတော့ ပိုကောင်းပါတယ်။ နောက်လည်းပဲ minority issue တွေ အများကြီးရှိပါတယ်။ လူနည်းစုတွေရဲ့ရပိုင်ခွင့်၊ ကာကွယ်ပိုင်ခွင့်တို့ အခွင့်အရေးတွေကို ကာကွယ်မယ့် ရေးရာဌာနလေးတွေကို အများကြီးပေါ်ပေါက်လာနိုင်အောင် ကျနော်တို့ ဖန်တီးပေးကြရမှာပေါ့”
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အစိုးရတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုရေးရာ ၀န်ကြီးခန့်အပ်သလို ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း တိုင်းရင်းသားလူမျိုးစုတွေအရေးကို ဆောင်ရွက်မယ့် ၀န်ကြီးခန့်ထားမယ် ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ပိုမို သင့်လျော်နိုင်ကြောင်းလည်း ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။
လောလောဆည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မကိုက်ညီကြောင်း ဆုံးဖြတ်ထားတဲ့ ဥပဒေတွေကိုတော့ နောက်တကြိမ် ကျင်းပမယ် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင် အတည်ပြုမှာဖြစ်ပါတယ်။