မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအွန်း ဦးဆောင်တဲ့ခေတ် စတင်ခဲ့ပြီလို့ မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။
ကွယ်လွန်သူ မစ္စတာကင်ဂျုံအီးရဲ့ အငယ်ဆုံးသားက သူ့ဖခင်ရဲ့နေရာကို ပြည်သူတွေရဲ့ခေါင်းဆောင်အဖြစ် ဆက်ခံလိုက်တယ်လို့ ဆိုပါတယ်။ ကင်ဂျုံအွန်းအနေနဲ့ ဖခင်ကင်ဂျုံအီးလ်ရဲ့ သင်ကြားမှုတွေအတိုင်း ဆက်လုပ်ရင်း ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ကို ဆက်သွားသင့်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် ရိုဒေါင်း ရှင်မွန်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ငယ်ရွယ်တဲ့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအနောက်ကနေ ယုံယုံကြည်ကြည်နဲ့ လိုက်ကြဖို့ကိုလည်း အစိုးရပိုင်သတင်းစာက တိုက်တွန်းထားပါတယ်။
၁၇ နှစ်ကြာ တိုင်းပြည်ကိုအုပ်စိုးခဲ့တဲ့ ကွယ်လွန်သူ မစ္စတာကင်ဂျုံ အီးလ်လက်ထက်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြီးမားတဲ့စစ်တပ်နဲ့ နျူကလီယားလုပ်ဆောင်ချက်တွေကြောင့် ဒေသတွင်းနိုင်ငံတွေကရော၊ အနောက်နိုင်ငံတွေကပါ စိုးရိမ်ခဲ့ကြတာပါ။
မြောက်ကိုရီးယားမှာ အခုဖြစ်ပေါ်နေတဲ့အပြောင်းအလဲဟာ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ပြေပြေလည်လည်ဖြစ်လာဖို့ အလားအလာတွေ တိုးလာနိုင်တယ်လို့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်က နိုင်ငံရေးခေါင်းဆောင်တွေကို မနေ့က ပြောပါတယ်။