သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ဘဏ္ဍာရေးမှူးဖမ်းမိရေး ဒေါ်လာ ၁၀ သန်းဆုငွေထုတ်

အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ထားတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Ezedin Abdel Aziz Khalil
အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ထားတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Ezedin Abdel Aziz Khalil

အယ်လ်ကိုင်းဒါး (Al Qaida) အဖွဲ့ကြီးအတွက် ငွေကြေးထောက်ပံ့မှုတွေ ပေးနေတဲ့သူဟာ အီရန်နိုင်ငံမှာ ရှိနေမယ်လို့ ယုံကြည်ရတဲ့အကြောင်းနဲ့ အဲဒီလူနဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေပေးနိုင်သူကို ဆုငွေအဖြစ် အမေရိကန်ဒေါ်လာဆယ်သန်း ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

အီဇီဒင် အက်ဗဒူ အဇစ် ခါလစ် (Ezedin Abdel Aziz Khalil) လို့ လူသိများတဲ့ ယစင်း အယ်လ် စူရင်း (Yasin al- Surin) ဟာ အီရန်နိုင်ငံထဲကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အယ်ကိုင်းဒါး ခေါင်းဆောင်တွေကို ငွေကြေးထောက်ပံ့မှုတွေ၊ လူသစ်စုဆောင်းပေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနအရာရှိ ရောဘတ် ဟာတန် Robert Hartung က ပြောပါတယ်။

သူက ကြာသပတေးနေ့က ဝါရှင်တန်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပြီး ဒါဟာ အကြမ်းဘက်အဖွဲ့အတွက် ငွေကြေးထောက်ပံ့နေသူတွေရဲ့ သတင်းအချက်အလက်တွေကိုရဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တရားရေးအစီအစဉ်အတွက် ပထမဆုံးအကြိမ်အဖြစ် ဆုငွေထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။

အယ်လ် စူရင်းဟာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ အီရန်အစိုးရတို့ကြား နားလည်မှုယူထားတဲ့ကိစ္စကို လုပ်ဆောင်နေတာဖြစ်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ်စတန်နိုင်ငံတွေမှာရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေကို ငွေကြေးထောက်ပံ့မှုတွေ၊ လူသစ်စုဆောင်းမှုတွေ လုပ်ပေးနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အယ်လ် စူရင်းဟာ အီရန် အကျဉ်းထောင်တွေထဲက အယ်လ်ကိုင်းဒါးအဖွဲ့သားတွေ လွတ်အောင် လုပ်ပေးပြီး ပါကစ္စတန်နိုင်ငံဘက်ကို ပို့ပေးခဲ့သလို အာဖဂန်နစ်စတန်နဲ့ အီရတ်နိုင်ငံတွေမှာရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေကိုလည်း များပြားတဲ့ငွေကြေးတွေ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အယ်လ်ခိုင်းဒါးအဖွဲ့ကို အီရန်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ထောက်ခံအားပေးပြီး အကြမ်းဘက် လုပ်ရပ်တွေ လုပ်ဆောင်နေသူလို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ပါတယ်။

This item is part of
XS
SM
MD
LG