သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်


ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်
ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်သွားကြတဲ့သူတွေ ဟာ အခု ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာရင် စိစစ်ပြီးမှ လက်ခံမယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ပါတီဝင်ဟောင်းတွေဟာ ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့ခြင်းရှိမရှိ ဆိုတာကို စိစစ်လက်ခံသွားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့် NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ကျပြီဆိုရင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာတွေ အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဒီကနေ့ ဆွေးနွေးကြတဲ့အထဲ အဖွဲ့ဝင် စိစစ်ရေးအဖွဲ့ ဖွ့ဲစည်းကာ ပါတီဝင်လက်ခံရေးကိစ္စ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ပါတီအတွက် အဖွဲ့ဝင်သစ်တွေရော အဖွဲ့ဝင်ဟောင်းတွေပါ ပါတီဝင်အဖြစ် အားလုံးပြန်လည် လျှောက်ကြရမှာပါ၊ အထူးသဖြင့်တော့ ပါတီဝင်ဟောင်းတွေဟာ NLD ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့တာ ရှိမရှိဆိုတာကို စိစစ်နိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပါတီစည်းကမ်းဆိုတာ နဂိုရ်ထဲကရှိတယ်။ အဖွဲ့ဝင်တွေလိုက်နာရမယ့်စည်းကမ်းနဲ့ ညိစွန်းခြင်းရှိမရှိကိုစိစစ်မယ်။ အဖွဲ့ဝင် မဟုတ်ခဲ့တဲ့ သူတွေကိုတော့ စိစစ်စရာမလိုဘူးပေါ့ဗျာ။ အဖွဲ့ဝင်ဟုတ်ခဲ့တယ်၊ ပါတီနဲ့ကင်းကွာမယ်၊ ပါတီကနေ နုတ်ထွက်မယ်၊ ပါတီက ဘာမှ မပြောမဆိုကင်းကွာမယ်၊ အမျိုးမျိုးပေါ့။ အဲဒီလူတွေနဲ့ပတ်သက်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးနဲ့ အကျုံးဝင်တာရှိသလား၊ အဲဒါစိစစ်ဖို့ပေါ့။ ပါတီဝင်မဖြစ်ခဲ့ဘူး၊ NLD အဟောင်းမဟုတ်ဘူးဆိုရင် ဘာမှ သိပ်ထွေထွေထူးထူး ပြဿနာမရှိဘူးပေါ့ဗျာ။ ပါတီဝင်ဖြစ်ခဲ့ရင်တော့ သူတို့နဲ့ပတ်သက်လို့ စိစစ်ဖို့လိုမှာပေါ့။ အဲဒါပါ”

NLD ပါတီဝင်အဖြစ် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်တယ်လို့လည်း NLD က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် NLD ပါတီဟာ မှတ်ပုံမတင်ဘူးလို့ ငြင်းဆိုထားချိန်က NLD ပါတီကနေ နုတ်ထွက်ကာ ရွေးကောက်ပွဲတွင်း တခြားနိုင်ငံရေးပါတီတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေကြသူ တချို့NLD ပါတီထဲ ပြန်ဝင်မယ်လို့ ပြောဆိုတာတွေရှိသလို လက်ရှိပါတီတွေကနေ နုတ်ထွက်ကာNLD ပါတီဝင်ပြန်လျှောက်မယ်လို့ ပြောနေသူတွေ လည်း ရှိနေပါတယ်။

အခုတော့ NLD ပါတီဟာ မနက်ဖန် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့မှာတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် လျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ကို သွားမှာ ဖြစ်ပါတယ်။

“မနက်ဖြန်ကာ ကျနော်တို့ မနက် ၇ နာရီလေယာဉ်နဲ့သွားပါမယ်။ နောက်ဟိုမှာ ကျနော်တို့ ပါတီဝင်ကြေးကို ဘဏ်မှာသွင်းရမယ်။ အဲဒါသွင်းပြီးတော့မှာ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ရုံးသွားမယ်။ နေ့ခင်းလောက်နေရင်တော့ ပီးလောက်တာပေါ့။ ညနေ ၃ နာရီ ဖလိုက်နဲ့ပြန်မယ်။ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ပေါ်မှာလည်းတည်ပါတယ်။ လျှောက်လွှာနဲ့ပတ်သက်ပြီးတော့ ပြီးပြည့်စုံအောင်တော့ သေချာစီစဉ်ပြီးတော့ လုပ်ထားပါတယ်။ တခြားပါတီတွေတော့ တလ၊ နှစ်လ ကြာတာတွေ သတိထားမိတယ်။ အဲဒီတော့ ဒီဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်တို့တော့ မပြောနိုင်ပါဘူး။ သိပ်တော့ အကြာကြီးတော့ ဟုတ်မယ်မထင်ပါဘူး”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။

အစိုးရကတော့ ကြားဖြတ်ရွေးကော်ပွဲရက်ကို ၃ လကြိုတင်အသိပေးမှာဖြစ်သလို ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေးပါတီတွေလည်း စည်းရုံးရေးတွေ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာအားလုံးမှာ NLD က ဝင်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမယ့် ဘယ်သူ ဘယ်နေရာကနေ ဝင်ပြိုင်ကြမယ်ဆိုတာကတော့ စာရင်းအတိအကျ မရှိသေးဘဲ စဉ်းစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့လည်း NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်ရှင်။

XS
SM
MD
LG