သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာ၊နယ်၊ဇင်းလွတ်လပ်ခွင့်အဆိုးဆုံးထဲ မြန်မာမပါတော့


စာ၊နယ်၊ဇင်းလွတ်လပ်ခွင့်အဆိုးဆုံးထဲ မြန်မာမပါတော့

ကမ္ဘာတ၀န်း ဒီနှစ်ထဲ သတင်းသမားတွေ အန္တာရာယ်ရှိတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံခဲ့ရပြီး မြန်မာနိုင်ငံဟာဆိုရင်လည်း အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့ သတင်းလွတ်လပ်ခွင့် နိမ့်ကျနေတုန်းပဲလို့ နိုင်ငံတကာ စာနယ်ဇင်း လွတ်လပ်ခွင့်အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ အစိုးရက ပြုပြင်ပြောင်းလဲမယ်လို့ ကတိပြုပြီး အပြောင်းအလဲတချို့ လုပ်လာတာမှန်ပေမဲ့ သတင်းလွတ်လပ်ခွင့်တွေမှာတော့ တိုးတက်မှုမရှိဘူးလို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF ကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်အစီရင်ခံစာထဲမှာ - သတင်းထောက်တွေအတွက် အန္တရာယ်အများဆုံး ၁၀ နိုင်ငံစာရင်းမှာ - ဒီနှစ် မြန်မာနိုင်ငံ မပါဝင်တော့ပေမဲ့ - သတင်းလွတ်လပ်ခွင့်ကတော့ ဆက်ပြီး နိမ့်ကျနေတုန်းပဲလို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတုန်းက ကမ္ဘာတ၀န်း သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး ၅ နေရာအဆင့်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှာတော့ လူထုအုံကြွမှုတွေ ကြုံခဲ့ရတဲ့ အာရပ်နိုင်ငံတွေက ထိပ်ဆုံးကို ရောက်လာတဲ့အတွက် အရင်ကလို အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာမပါဝင်တော့တာလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း - သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို လေးစားမယ့်အကြောင်း ကတိပြုပြီး သတင်းမီဒီယာတွေအပေါ် တင်းကြပ်မှုတွေကို အနည်းငယ် လျော့ပေးလာတာမျိုးလို ပြောင်းလဲမှုတချို့ မြင်တွေ့လာရပေမဲ့လို့ - စက်တင်ဘာ လနှောင်းပိုင်းမှာ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် တယောက်ကို နှစ်ရှည် ထောင်ဒဏ်ချလိုက်တာမျိုးတွေရှိခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ တခုလုံးအနေနဲ့ ခြုံပြောရင်တော့ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အခြေအနေဟာ မကောင်းသေးဘူးလို့ RSF ရဲ့ အာရှ-ပစိဖိတ် တာဝန်ခံ ဘင်ဂျာမင် အစ္စမေးလ် က ပြောလိုက်တာပါ။

ဒါ့အပြင် နိုင်ငံခြားသတင်းထောက်တွေအပေါ် ဗီဇာကန့်သတ်မှုလို - တင်းကျပ်မှုတွေကလည်း ရှိနေဆဲဖြစ်တဲ့ နိုင်ငံတခုလို့ သူက အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရက ပြည်ပက သတင်းထောက်တွေကိုလည်း များများစားစား ပြည်ဝင်ခွင့် ဗီဇာတွေ မပေးသေးပါဘူး။ ဗဟုဝါဒလည်း မထွန်းကားသေး ပါဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိဖို့အတွက် လိုအပ်တဲ့ မတူကွဲလွဲတဲ့ အမြင်တွေနဲ့ ကြိုတင်ခွင့်ပြုချက် တောင်းခံစရာမလိုဘဲ ရေးသားခွင့်၊ အသံလွှင့်ခွင့်တွေနဲ့ ပုဂ္ဂလိက မီဒီယာတွေ ပေါ်ထွန်းလာတာမျိုး မရှိသေးဘဲ လည်း မရှိသေးပါဘူး။”

မကြာသေးခင်ကပဲ - ဂျာနယ်တော်တော်များများကို ထုတ်တင်စနစ်လို့ခေါ်တဲ့ ဆင်ဆာအရင် တင်စရာမလိုတော့ဘဲ ထုတ်ဝေခွင့်ပေးခဲ့သလို - အရင်က လုံးဝ ဖော်ပြခွင့်မရခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကို ဖော်ပြခွင့် ပြန်ရတာလို တိုးတက်မှုတချို့ ရှိလာတာတွေ့ရပေမဲ့ - ဒီအခြေအနေတွေဟာ နောက်ပြန်မဆုတ်တော့ဘူးလို့ မခန့်မှန်းနိုင်ကြောင်း လည်း သူက အခုလို ဆက်ပြောခဲ့တာပါ။

“မီဒီယာတွေ အနေနဲ့ အခုအခါ တိုင်းပြည်အပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ အခုအခါမှာ ပိုပြီး ဖော်ပြကောင်း ဖော်ပြလာနိုင်တဲ့ပုံ ပေါ်ပါတယ်။ ဒါပေမဲ့လည်း ကျနော်ယူဆတာကတော့ အစိုးရနဲ့ သူ့ရဲ့မူဝါဒတွေအပေါ် လွတ်လွတ်လပ်လပ် ဝေဖန်လို့ ရပြီလားဆိုတဲ့ အဆင့်အထိတော့ ကျနော်မပြောနိုင်သေးပါဘူး။”

RSF ရဲ့ အာရှ-ပစိဖိတ်တာဝန်ခံ ဘင်ဂျာမင် အစ္စမေးလ် ပြောဆိုခဲ့တာပါ။ လောလောဆယ် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ - အကျဉ်းကျခံနေရတဲ့ စာနယ်ဇင်းသမား ၂၅ ယောက်ရှိနေဆဲလည်းဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ အစီရင်ခံစာထဲမှာ သတင်းသမားတွေအတွက် အန္တရာယ်အများဆုံး ၁၀ နိုင်ငံကတော့ - လူထုအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ အာရပ်နိုင်ငံတွေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း အသတ်ခံခဲ့ရတဲ့ သတင်းသမားအရေအတွက်ဟာလည်း ၆၆ ယောက်အထိရှိပြီး - ဒါဟာဆိုရင် မနှစ်ကထက် ၁၆ ရာခိုင်နှုန်းအထိ ပိုများလာတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်း ဖမ်းဆီးခံရတဲ့ - သတင်းထောက်အရေအတွက်ဟာ - ၁ ထောင်ကျော် ရှိပြီး - ဘလော့ဂါသမားတွေနဲ့ အင်တာနက်အသုံးပြုသူ ဖမ်းဆီးခံရတဲ့ အရေအတွက်ဟာလည်း ၁၉၉ ယောက်အထိ ရှိတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG