သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဓာတ်အားပေးစက်ရုံ ကန့်ကွက်ဆန္ဒပြမှုတင်းမာဆဲ


တရုတ်ဓာတ်အားပေးစက်ရုံ ကန့်ကွက်ဆန္ဒပြမှုတင်းမာဆဲ

တရုတ်နိုင်ငံတောင်ပိုင်းက ဟိုင်းမန်းမြို့လေးမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို တိုးချဲ့မယ့်အစီအစဉ်အပေါ် အငြင်းပွား တာတွေ ဆက်ဖြစ်နေတာနဲ့အမျှ အခြေအနေတင်းမာနေပါတယ်။

တခုခုမငြိမ်မသက်ဖြစ်လာခဲ့ရင် နှိမ်နင်းဖို့ မြို့ထဲဝင်ပေါက်တွေမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကင်းလှည့်နေပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

ဆန္ဒပြပွဲတွေ သုံးရက်မြောက်ထိ ဖြစ်လာတာနဲ့အမျှ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က အဝေးပြေးလမ်းမကြီးတခုတလျှောက် စုဝေးခဲ့တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး နှိမ်နင်းဖြိုခွဲနေတဲ့ ရုပ်ပုံတွေ ကို ဒီကနေ့ ရုပ်မြင်သံကြားသတင်းတွေမှာ ထုတ်လွှင့်ပြသပါတယ်။

ဗုဒ္ဓဟူးနေ့က အစိုးရရုံးတွေပတ်ပတ်လည်မှာ စုဝေးခဲ့ကြတဲ့ လူအုပ်တွေကိုဖြိုခွဲဖို့ မျက်ရည်ယိုဗုံးနဲ့ပစ်တဲ့ ရဲတွေကို ဆန္ဒပြသူတွေ က ကျောက်ခဲတွေနဲ့ပစ်ပေါက်ပြီး ကားတွေကိုလည်း ထုရိုက်ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဂွမ်ဒေါင်းပြည်နယ်ထဲကပဲ ၀ူကန်းမြို့လေးမှာ အငြင်းပွားဖွယ် မြေသိမ်းယူတဲ့ကိစ္စအပေါ် လပေါင်းများစွာ ဆန္ဒပြနေခဲ့တာတွေ အဆုံးသတ်သွားစေဖို့ ဆန္ဒပြသူတွေနဲ့ ပြည်နယ်တာဝန်ရှိသူတွေအကြား သဘောတူညီချက်ရခဲ့ကြပြီးတဲ့နောက် ဟိုင်းမန်းမြို့မှာ အခုဆန္ဒပြပွဲတွေဖြစ်တာပါ။

XS
SM
MD
LG