ရုရှားနိုင်ငံမှာ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေအပေါ် လူထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတဲ့နောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဆိုပြုချက်အသစ်တခုကို ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီယက်ဒက်ဗ်က ဒီကနေ့မှာပဲ ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်ထဲ ပါဝင်ခွင့်ရစေမယ့် ဒီမိုကရေစီလိုအပ်တယ်လို့ ဒီကနေ့ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မစ္စတာမက်ဒ်ဗီယက်ဒက်ဗ်က ပြောပါတယ်။ ဒါပေမဲ့ ပြင်ပက ဝင်ရောက်စွက်ဖက်တာတော့ မပါရဘူးလို့ဆိုပါတယ်။
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာမှာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို လျှော့ပေါ့သက်သာပေးဖို့လည်း သူက အဆိုပြုခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ဖို့ လောလောဆယ်မှာ စဉ်းစားနေတဲ့ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်ရဲ့ အဆိုပြုချက်တခုကို ထောက်ခံတယ်လို့ သူကပြောပါတယ်။ အဲဒီအဆိုပြုချက်ကို ရုရှားလွှတ်တော် ကိုယ်စားလှယ်တွေက အတည်ပြုရမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်လုပ်ဖို့ကိုတော့ မစ္စတာမက်ဒ်ဗီယက်ဒက်ဗ်ကော ဝန်ကြီးချုပ် ပူတင်ကရော ကန့်ကွက်ထားပါတယ်။