သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၁၀ ဦးသေဆုံး


မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင်း မီးလောင်ကျွမ်းနေစဉ် (ဒီဇင်ဘာလ ၂၈၊ ၂၀၁၁)
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင်း မီးလောင်ကျွမ်းနေစဉ် (ဒီဇင်ဘာလ ၂၈၊ ၂၀၁၁)

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းတာကြောင့် လူအသေအပျောက်ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်း နှစ်နာရီဝန်းကျင်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနား လူနေရပ်ကွက်တွေက အိမ်တွေ တုန်ခါပြီး အိမ်အချို့ ပြိုကျတာ၊ နေအိမ်မှန်တွေကွဲတာ၊ ခေါင်မိုးလန်တာတွေဖြစ်ပြီး နေအိမ်အချို့လည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်အတွင်းက ကုန်ပစ္စည်းသိုလှောင်ရုံတွေမှာ မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အနီးအနားမှာနေသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ မနက်ပိုင်း နှစ်နာရီ ဝန်းကျင်ကစပြီး လောင်လိုက်တဲ့မီးဟာ နှစ်နာရီနီးပါးကြာ လောင်ကျွမ်းပြီး မနက် ၄ နာရီလောက်မှာ မီးညွှန့်ကျိုးတယ်လို့ သိရပါတယ်။ မီးစပြီးလောင်တဲ့အချိန်မှာတော့ ပေါက်ကွဲမှုဖြစ်သွားခဲ့တာမို့ ဘာကြောင့် ဖြစ်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ မီးလောင်ချိန်မှာတော့ အနီးအနား ရပ်ကွက်တွေအားလုံး စိုးရိမ်ပူပင်နေကြရတယ်လို့ မျက်မြင်တဦးက မီးလောင်ချိန်က အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒါက အခုထိ ဘယ်သူမှ အတည်ပြုပြောလို့မရသေးဘူး။ ပေါက်ကွဲမှုကလေ၊ ပေါက်ကွဲမှုက ပြင်းထန်လွန်းအားကြီးတော့ ဖန်ကွဲစတွေ လမ်းပေါ်မှာ ပြန့်ကျဲနေတယ်။ ပြီးတော့ အင်္ဂတေ အုတ်ကျိုးအပိုင်းအစတွေလည်း လမ်းပေါ်မှာ ပြန့်ကျဲနေတယ်။---”

လူနေရပ်ကွက်တွေရော မီးကူးတာရှိလားခင်ဗျ။

“ဟုတ်ကဲ့။ ရပ်ကွက်ထဲမှာလောင်နေတယ်။ အိမ်တွေပါမပါတော့ မျက်စေ့နဲ့မမြင်ရသေးဘူးဗျ။ ရှေ့မှာက အန္တရာယ်ရှိတယ်၊ နောက်ထပ် ပေါက်ကွဲနိုင်တယ်ဆိုပြီးတော့ လမ်းပိတ်ထားတယ်လေ။ အကုန်လုံးက အသံ ကြားတဲ့အတိုင်းပဲ၊ emergency ဖြစ်နေကြတာ”

ပေါက်ကွဲသံကို ရန်ကုန်မြို့တွင်းနေရာ အတော်များများမှာ ကြားလိုက်ရပြီး အနီးအနားရပ်ကွက်နေသူ အတော်များများ ထိတ်လန့်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပေါက်တာကတော့ တော်တော်လေးပြင်းထန်တယ်။ ကျနော်တို့အိမ်တွေဘာတွေ လှုပ်သွားတယ်။ ကျနော်တို့ရပ်ကွက်ထဲက အိမ်တချို့ မှန်တွေ ဘာတွေလည်း ကွဲသွားတယ်။ မီးဆက်လောင်တယ်ပေါ့။ လူတွေတော့ တော်တော်လေးသေတယ်။ အဲဒီဘက်မှာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးတွေ ရှိတယ်ဗျ။ ပေါက်ကွဲတဲ့အရှိန်က ကြီးလွန်းတော့ အဲဒီ အုတ်တွေ၊ သဲတွေက လွင့်ထွက်ပြီး ရပ်ကွက်ထဲကရော၊ လမ်းပေါ်မှာရှိတဲ့သူတွေရော ပိကုန်တာပေါ့နော်။ ရပ်ကွက်ကတော့ ချက်ခြင်းထပြီးတော့ ပြေးကြတာပေါ့။ ဒါပေမယ့်လို့ ပေါက်ကွဲတဲ့အရှိန်နဲ့ ခုနက ပြိုကျတာတို့- နောက်ပြီး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးက လွင့်ထွက်ကုန်ပြီးတော့ ဗုံးပေါက်သလိုပေါ့လေ၊ လွင့်ထွက်ကုန်ပြီးတော့ လမ်းပေါ်မှာရော၊ အိမ်ထဲကလူတွေရော ထိတော့ တော်တော်လေး အသေအပျောက် ရှိတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်ဗျ။ ကျနော်တို့ရပ်ကွက်အရှေ့မှာတော့ အသွားအပြန် Ambulance တွေပြေးနေတယ်”

အခုလို မီးလောင်ပေါက်ကွဲမှုဖြစ်တာကို မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့ ဗဟိုမီးသတ်က အတည်ပြု ပေမယ့် ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်၊ အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ သေဆုံးသူတွေကို မျက်မြင်တွေ့ရသူ သတင်းထောက်တဦးကတော့ လူ ၁၀ ဦးနီးပါး သေဆုံးမယ်လို့ ခန့်မှန်းပါတယ်။

“အလောင်းက ကျနော် တွေ့ရတဲ့အလောင်းကတင် ၁၀ လောင်းလောက်ရှိတယ်ဗျ။ သေတဲ့အလောင်းနဲ့ ကားနဲ့မလောက်လို့ လမ်းဘေးက လမ်းဘေးကကားတွေ၊ တက္ကစီကားတွေ၊ ကိုယ်ပိုင်ကားတွေတားပြီးတော့ အလောင်းတွေတင်ရတယ်ခင်ဗျ”

ပေါက်ကွဲတာက ဘာဖြစ်လို့ ပေါက်ကွဲတယ်ကြားလဲ။

“ကျနော်တို့ အဲဒါကလည်း သိချင်နေတာဗျ။ ဒီမှာ အာဏာပိုင်တွေရော သတင်းထောက်တွေရော သိချင်တာ အဲဒါပဲ။ ပေါက်ကွဲသံက ဒီနားက မျက်မြင်ကိုယ်တွေ့လူတွေပြောတဲ့အခါမှာ အဲဒီဂိုဒေါင်က လျှပ်စစ်ပစ္စည်းပေါ့နော်- တီဗွီတို့၊ အောက်စက်တို့၊ ရေခဲသေတ္တာတို့- အဲဒီဟာတွေ ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီကပေါက်ကွဲသံက တမြို့လုံးဟိန်းထွက်ပြီးတော့ ဒီနားမှာဆိုရင် လူတဖက်လောက်ရှိတဲ့ အင်္ဂတေတိုင်ကြီးတွေတောင်မှပဲ ပေ သုံး-လေးဆယ်၊ ပေ ၅၀-ပေ ၆၀၊ ပေ ၁၀၀ လောက်အထိ မြင့်ပြီးတော့ ကိုက် ၃-၄၀၀ လောက်အဝေးကိုလာပြီး ကျတာ။ အဲဒီမှာ အဲဒါတွေစင်ပြီးတော့ သေတဲ့သူတွေက ဒီမှာ မရှုရက်၊ မမြင်ရက်စရာ ဦးနှောက်တွေထွက်၊ ခေါင်းတွေကျေတဲ့အဆင့်တောင် အဲလိုမျိုးတွေဆိုတော့ ပက်ပက်စက်စက်ကို မမြင်ရက်စရာ သေတဲ့သူတွေ အများကြီးပဲခင်ဗျ။ အဲလောက်ပြင်းတာပေါ့နော်။”

ဒဏ်ရာရရှိသူတွေဟာ ၅၀ ကျော်လောက်ရှိတယ်လို့သိရပြီး သူတို့ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ မီးလောင်ပြီးတော့ ပေါက်ကွဲမှု ဖြစ်ရာမှာ မီးသတ်ကားတစင်းလည်းပါသွားပြီးတော့ မီးသတ်ဝန်ထမ်းတချို့လည်း သေဆုံးတဲ့အထဲမှာ ပါတယ်လို့ သိရပါတယ်။ မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ဂိုဒေါင်အတော်များများရှိနေပြီး ဂိုဒေါင်တွေ မီးစွဲခဲ့ပါတယ်။ ဒါပေမယ့် အနီးရက်ကွက်က အိမ်ခြေ အနည်းငယ်လောက်ကိုပဲ မီးကူးစက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG