သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှု သေဆုံးသူ ၂၀ ကျော်


မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှု သေဆုံးသူ ၂၀ ကျော်
မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှု သေဆုံးသူ ၂၀ ကျော်

ဒီဇင်ဘာ ၂၉ ရက် ကြာသာပတေးနေ့ မနက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရက်ကွက်တွင်း ဖြစ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် အခုလက်ရှိ ရထားတဲ့စာရင်းအရ ဆိုရင် သေဆုံးသူ၂၀ ထက်မနည်း ရှိသွားပြီဖြစ်ပြီး နောက်ထပ် လူ ၈၀ ထက်မနည်း ဒဏ်ရာရကြပါတယ်။ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားတယ်လို့ ယူဆရတဲ့ ဂိုဒေါင် ကနေ မီးစလောင်ခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ အနီးဝန်းကျင်မှာ ရှိတဲ့ နေအိမ်တွေလည်း ပြိုလဲကျသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီမီးလောင်မှုရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မင်္ဂလာတောင်ညွန်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင်းက ဂိုဒေါင်ရုံမှာ ဒီကနေ့ ကြာသာပတေးနေ့ မနက်အစောပိုင်း ၂ နာရီလောက်က မီးလောက်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ကောင်းကင်တခုလုံး ရဲတောက်လာအောင် ပြင်းထန်လှတဲ့ မီးညွန့်တွေရော တဆက်တည်းပဲ ပြင်းထန်တဲ့ပေါက်ကွဲသံတွေနဲ့က အနီးဝင်းကျင်ရှိ ရပ်ကွက်တွေထိ တုန်ခါမှုတွေရှိခဲ့ပါတယ်။

မနက် ၄ နာရီခွဲကျော်လောက်မှ မီးညွန့်ကျိုးသွားခဲ့ပြီး ဒီမီးဘေးကြောင့် ဒီကနေ့ ညနေ စာရင်းအရ သေဆုံးသူ ၂၀ ထက်မနည်း ရှိနေပြီး ရန်ကုန်ဆေးရုံကြီးမှာ ဒဏ်ရာရလို့ ပို့ထားရသူပေါင်း ၈၀ ထက် မနည်းရှိနေတယ်။ သေဆုံးသူတွေထဲမှာ မီးသတ်ဝန်ထမ်း ၅ ဦး ပါဝင်သလို ပြင်းထန်စွာ ဒဏ်ရာရထားသူတွေလည်း ရှိနေတာမို့ နောက်ထပ် သေဆုံးသူစာရင်းတိုးလာနိုင်တယ်လို့လည်း ဒီသတင်းကို ရေးဖို့ လိုက်လံစုံစမ်းနေကြတဲ့ သတင်းထောက်တွေကပြောပါတယ်။

ဒီမီးလောင်မှုအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိအာဏာပိုင်တွေ၊ ဒေသခံ ရဲအရာရှိတွေကို မေးပေမယ့် ဘယ်သူမှ အတိအကျ မဖြေနိုင်သေးဘူးလို့လည်း သတင်းထောက်တွေက ပြောပါတယ်။ ဒါပေမယ့် မီးညွန့်ကျိုးသွားပြီးတဲ့နောက် မြင်ရတဲ့ မြင်ကွင်းတွေမှာတော့ ဓာတုဗေဒပစ္စည်းတွေ သိုလှောင်ထားတယ်လို့ ယူဆရတဲ့ ဂိုဒေါင် မီးလောင်ခဲ့တာဖြစ်ပြီး မြေပြင်မှာလည်း ဓာတုပစ္စည်း အကြွင်းအကျန်တွေကို တွေ့ရတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“အဓိက ကတော့ ဒီဂိုဒေါင်က Chemicals(ဓာတုပစ္စည်း) တွေပေါ့နော်၊ ယမ်းပါတယ် လို့လည်း ပြောတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာ အရာရှိတွေက အထက် အရာရှိတွေကို ရှင်းပြနေတာက ယမ်းလည်း ရှိတယ်။ အဓိကကတော့ Chemical လောင်ထားတဲ့ သက်သေအနေနဲ့ကတော့ ထုံးလိုမျိုး ဖြူဖြူအဖတ်တွေ အများကြီး နေရာတိုင်းမှာပြန့်နေတယ်။ တိတိကျကျ မသိရဘူးဗျ။ သူတို့ပြောနေ၊ ဆိုနေတာတွေ ကျနော်တို့ကြားနေတာကတော့ ဒီလိုအခြေအနေမှာရှိပါတယ်။ ဘယ်သူမှ သေချာ ကျကျနန မဖြေတော့ဘူး။ ပြီးရင် တည့်တည့်မေးလိုက်ရင်တော့လည်း ရှောင်သွားကြတယ်ဗျ။

အခုတော့ ၈၀ ကျော်လောက် ဒဏ်ရာရတယ်။ သေတာကလည်း ၂၀ ကျော်သွားပြီလို့ သိရတယ်။ ဒီညနေတော့ သူတို့ အသုဘချဖို့ လုပ်နေကြတယ်။ အဲဒီနေရာမှာ ဧရာမကျင်းကြီးတခုဖြစ်သွားတာပေါ့နော်။ ဘေးနားမှာရှိတဲ့ လူနေအိမ်တွေကလည်း တော်တော်လေး ထိထားတယ်။ လွင့်စင်ထားတဲ့ဒဏ်တွေကြောင့်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အပျက်အစီးကြီးကြီးမားမားတွေ တွေ့ရတယ်”

အခုနောက်ဆုံး အခြေအနေကတော့ ဒီမီးလောင်တဲ့နေရာတွေကို အာဏာပိုင်တွေက ဝင်ခွင့်မပေးဘဲ ပိတ်ထားလိုက်ပြီဖြစ်သလို မနက်၁၀ နာရီကျော်လောက်ထိ မီးကြွင်းမီးကျန်တွေလောင်နေတာကို ငြိမ်းသတ်နေကြတာကို မြင်ရဆဲဖြစ်တယ်လို့ မျက်မြင်မြို့ခံတဦးဖြစ်တဲ့ ကိုမောင်မောင်က ပြောပါတယ်၊

“လူတွေကကျတော့ မဝင်ရတော့ဘူး။ ဒဏ်ရာရတဲ့သူတွေကလည်း ဟိုနားတစု၊ ဒီနားတစုနဲ့ ထိုင်နေကြတယ်။ အဲဒါတွေတွေ့တယ်ပေါ့နော်။ ကျင်းကြီးက အနည်းဆုံး မရှိဘူးဆိုလို့ရှိရင် ၈ ပေလောက် နက်တဲ့ကျင်းကြီး ဖြစ်သွားတယ်။ နောက်ဆုံး အခြေအနေကတော့ သူတို့ တာဝန်ရှိတဲ့သူတွေကလည်း စစ်ဆေးနေကြတယ်။ အဲဒီအခြေအနေပဲပေါ့။ သွေးကွက်တွေကတော့ အများကြီးပဲ။ အများကြီးမှ အများကြီးပဲ။ ဧရိယာနဲ့ပြောရမယ်ဆိုရင်တော့ ပေ ၃၀၀ ပတ်လည်လောက် ရှိမယ်ဗျ။ ဂိုဒေါင်တွေ ဧရိယာပေါ့”

ဒီ ကူးတို့ဆိပ်ရပ်ကွက်တွင်းက အခု မီးလောင်မှုဖြစ်တဲ့ မေတ္တာမွန်ဝန်းတွင်း ပရဆေး စက်ရုံ၊ ပဲ နှမ်း ဂိုဒေါင်၊ တခါ တင်ဒါစက်ရုံနဲ့ ဆားစက်အပြင် တခြားပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေရှိပြီး အခု ဒဏ်ရာရကြသူတွေဟာလည်း အဲဒီစက်ရုံတွေနဲ့ ဂိုဒေါင်တွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဖြစ်ပြီး သူတို့နေကြတဲ့ အလုပ်သမား တန်းလျားတွေ ပေါက်ကွဲမှုကြောင့် ပြိုကျတာတွေလည်း ဖြစ်သွားကြတာပါ။

“အကျယ်ကြီးပဲ ကွဲတယ်။ မီးသတ်ကားတွေကလည်း ဟိုဘက်ပြေးလိုက်၊ ဒီဘက် ပြေးလိုက်နဲ့- ကမ္ဘာပျက်တဲ့အတိုင်းပဲဗျ-ဝုန်းဒိုင်းကျဲနေတာပဲ။ ပြောရမယ်ဆိုရင် ရေကျော်ပေါ့-ဗိုလ်တထောင်၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း တောက်လျှောက်ပါပဲ လူတွေအကုန်လုံးထွက်လာပြီးတော့ အဲဒီနေရာကို ဦးတည်ပြီးတော့ သွားကြတယ်ပေါ့။ သွားကြပြီးတော့ အကူအညီပေးကြတယ်။ ကျနော့်မျက်စေ့ရှေ့တင်ပဲ လူနာတွေကို အဲဒီကနေ အခေါက်ခေါက် အခါခါ သယ်ပို့တာမှာ အဲဒီ Ambulance ကားတွေရော Public ကားတွေရော တက္ကစီတွေရော အကုန်လုံးဝိုင်းပြီးတော့ ပို့ကြတာ- အနည်းဆုံးမရှိဘူးဆိုရင် ကျနော့်မျက်စေ့နဲ့မြင်ရတာဆိုလို့ရှိရင်တော့ အခေါက် ၅၀ လောက်ရှိလိမ့်မယ်”

မင်္ဂလာတောင်ညွန့်ဒေသခံ ကိုမောင်မောင် ပြောပြခဲ့တာပါရှင်။ အခု မီးဘေးသင့်ကြတဲ့ သူတွေကို NLD အမျိုးသားဒီမိုကရေစီ ဒုဥက္ကဋ္ဌဦးတင်ဦး၊ ရန်ကုန်တိုင်းက ဒေါက်တာ မျိုးအောင်၊ ဒေါ်မေဝင်းမြင့်တို့ သွားရောက်ပြီးတော့ မီးဘေး ဒုက္ခသည်တွေအတွက် ဆေးခန်းအကူအညီနဲ့အတူ အိုးအိမ်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနေသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်း အစားအစာ၊ ဆေးဝါးနဲ့ အဝတ်အစားတွေ လှူဒါန်းခဲ့ကြပါတယ်။

XS
SM
MD
LG